ရေးမြို့က ငါးလုပ်ငန်းဦးစီးမှူးကို ရေးဘီလူးအဖွဲ့ ပစ်ခတ်လို့ သေဆုံး

အောက်တိုဘာ၊ ၁၈
 
မွန်ပြည်နယ်၊ ရေးမြို့ပေါ်က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လင်းနိုင်ကို အောက်တိုဘာလ ၁၈ ရက်၊ ဒီကနေ့ မနက် ၇ နာရီခွဲခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်လို့ သေဆုံးပြီး ဦးဇင်းတပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
 
” လက်ဖက်ရည်သောက်တဲ့အချိန်မှာ ရှင်းလင်းလိုက်တာ ဖြစ်တယ် ” လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က DNA ကို ပြောပါတယ်။
 
ပစ်သတ်ခံရသူဟာ စစ်ကောင်စီအခွန်ရစေဖို့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းနဲ့ တံငါလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုကာ ငွေကြေးတောင်းခံတာ၊ ငါးဖမ်းခွင့်ပိတ်ပင်တာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ တိုင်တန်းချက်အရ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
 
ဦးဇော်လင်းနိုင်ဟာ ရန်မျိုးအောင်ရပ်ကွက်၊ မြို့လယ်ကမ်းနားဈေးက လက်ဘက်ရည်ဆိုင်မှာ ဦးဇင်းတပါးနဲ့အတူ ထိုင်နေချိန်မှာ ရေးဘီလူးအဖွဲ့ဝင်တဦးက ၉ မမ ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ရင်ဘတ်၊ လက်မောင်းနဲ့ ခါးတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်နဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာပါ။
 
“ ဦးဇင်းနဲ့ အဲဒီဦးစီးမှူးက ဆိုင်ထဲရောက်လာပြီး သိပ်မကြာဘူး။ လူငယ်တယောက်က ဆိုင်ထဲဝင်လာတာ၊ သူအအေးမှာသောက်ပြီး တဝက်လောက်ပဲ သောက်ပြီး သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတာပဲ ” လို့ ဖြစ်စဉ်ကိုသိရတဲ့ မြို့ခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် အဲဒီပစ်ခတ်မှုအတွင်းမှာ ဦးဇော်လင်းနိုင်နဲ့အတူ ထိုင်နေတဲ့ ကလော့လေးကျေးရွာ၊ ဆင်တောင်ဘုန်းကြီးကျောင်းက ဦးသုန္ဒရရဲ့ လက်မောင်းမှာ ကျည်ရှပ် ထိမှန်ဒဏ်ရာတချက်ရရှိခဲ့လို့ ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
 
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကလည်း ရေးမြို့နယ်၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကို လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ မသေဆုံးပေမယ့် စိုးရိမ်ဖွယ်ရာ ဒဏ်ရာရရှိခဲ့ပါတယ်။
 
ဒါ့အပြင် စက်တင်ဘာလအတွင်းက ရေးမြို့နယ်၊ ကံလှကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးကာ အမျိုးတဦးဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ရေးမြို့ပေါ် စစ်တပ်ပိုင် မြဝတီဘဏ်ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်