အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ ယူကရိန်း ပထမဆုံးအကြိမ် အသုံးပြု

အောက်တိုဘာ၊ ၁၈

အမေရိကန်က ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို စစ်မြေပြင်မှာ ယူကရိန်း တပ်တွေက ပထမဆုံးအကြိမ် လက်တွေ့ စတင် အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

အမေရိကန်ဟာ အရေအတွက် အတိအကျ မကြေညာတဲ့ ATACMS အမျိုးအစား တာဝေးပစ် ဒုံးကျည်တွေကို ယူကရိန်းဆီ သိုသိုသိပ်သိပ် ထောက်ပံ့ ပို့ဆောင်ထားပါတယ်။ ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းမှာ ရှိနေတဲ့ ရုရှား စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ် ၉ စီး၊ လေကြောင်း ကာကွယ်ရေး စနစ်တွေနဲ့ တခြား စစ်ရေး အဆောက်အအုံတွေကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ပြီး မကြာခင်မှာပဲ ဇီလန်စကီးက အဲဒီ ဒုံးကျည်တွေ အသုံးပြုခဲ့ပြီးပြီ ဆိုတာကို ထုတ်ပြောခဲ့တာပါ။ 

လူဟန့်စ်ခ်နဲ့ ဘာဒင်ညက်စ်ခ် ဒေသတွေမှာ ရှိနေတဲ့ ရုရှား စစ်အခြေစိုက် စခန်းတွေဟာ ရုတ်တရက် ကျရောက် ပေါက်ကွဲလာတဲ့ ဒုံးကျည်တွေကို ထိထိရောက်ရောက် ခုခံနိုင်စွမ်း မရှိခဲ့ဘဲ ရုရှားစစ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက် သေဆုံးခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ကြေညာထားပါတယ်။

ဇီလန်စကီးက ATACMSတွေကို လက်တွေ့ အသုံးပြုခဲ့တဲ့အခါ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်ပြီး စွမ်းဆောင်ရည် အရမ်း မြင့်မားတယ်ဆိုတာ လက်တွေ့ ပြသခဲ့ကြောင်း ပြောပါတယ်။ သူက စစ်မြေပြင်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်ပစ်မှတ်တွေကို အဲဒီဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ သမ္မတက ထုတ်မပြောခဲ့ပါဘူး။ လူဟန့်စ်ခ်နဲ့ ဘာဒင်ညက်စ်ခ်က ရုရှားစစ်စခန်းတွေကို တိုက်ခိုက်တဲ့ နေရာမှာ အဲဒီ ဒုံးကျည်တွေကို သုံးခဲ့သလား ဆိုတာကိုလည်း ဇီလန်စကီးက ရှင်းပြမသွားခဲ့ပါဘူး။

အမေရိကန်အပြင် ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ထားပေမယ့် အဲဒီ လက်နက်တွေကို ရုရှားပိုင်နက်ထဲထိ ပစ်ခတ်တာမျိုး လုံးဝ မလုပ်ဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ အမေရိကန်ရဲ့ ATACMSတွေဟာ ကီလိုမီတာ ၃၀၀ လောက် အကွာအဝေးထိ ပျံသန်း ရောက်ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။

 

Ref: BBC