ထိုင်းရဲတွေ ဆံပင်အတိုပဲ ထားရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်

အောက်တိုဘာ၊ ၁၈

အမျိုးသား ရဲဝန်ထမ်းတွေ ဆံပင် အတိုအကပ် ညှပ်ထားရမယ်ဆိုတဲ့ စည်းမျဉ်းကို ထိုင်းရဲတပ်ဖွဲ့က ပယ်ဖျက်ပေးလိုက်ကြောင်း သိရပါတယ်။

၂၀၁၈ မှာ စတင်ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းအရ ထိုင်းရဲတပ်ဖွဲ့ဝင် အမျိုးသားတွေဟာ ဦးခေါင်းနောက်ဖက်နဲ့ ရှေ့ဖက် ဆံပင်တွေကို အရမ်းတိုတို ညှပ်ထားဖို့ လိုပါတယ်။ အဲဒီ စည်းမျဉ်းဟာ အောက်တိုဘာ ၁၇ ရက်ကစပြီး ပျက်ပြယ်သွားသလို အများဆုံး ၅ စင်တီမီတာထိ ဆံပင်အရှည်ထားခွင့် ပြုလိုက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြီးအကဲသစ် ဖြစ်လာတဲ့ တော်ဆက်ခ် ဆွတ်ခ်မီဗိုလ်က ပြောပါတယ်။ 

ဒီအပြောင်းအလဲဟာ ထိုင်းရဲတပ်ဖွဲ့ကို ခေတ်နဲ့အမီ မွမ်းမံ ဖွဲ့စည်းမှုတွေမှာ လက်တွေ့ကျတဲ့ လိုအပ်ချက် တခုလို့ သူက ဆိုပါတယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေက အသွင်ယူ လှုပ်ရှားရတဲ့ အခါမျိုးတွေမှာ ကတုံးဆံတောက် ဆံပင်ပုံစံနဲ့ချည်း ဖြစ်နေတာက အဆင်မပြေတာတွေ ရှိတတ်တယ်လို့ တော်ဆက်ခ်က ထောက်ပြပါတယ်။

ရဲတွေက အသွင်ယူ အယောင်ဆောင်ရတဲ့ အခါတိုင်း ဘုန်းကြီးပုံစံပဲ ဟန်ဆောင်နေစရာ မလိုလောက်တော့ပါဘူးလို့လည်း ထိုင်းရဲ့ ရဲချုပ်အသစ်က အရွှန်းဖောက်ခဲ့ပါတယ်။

ရဲတွေရဲ့ ဆံပင်ပုံစံက အများနည်းတူ သူလိုကိုယ်လို ဖြစ်လာတဲ့အခါ ရာဇဝတ်သားတွေက သတိထားမိနိုင်ဖို့ ပိုခက်ခဲသွားတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဟာ ရှေးရိုးစွဲဆန်တဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်နိုင်ပြီး အစိုးရ ဝန်ထမ်းတွေနဲ့ ပတ်သက်ရင် တင်းကျပ်တဲ့ ယူနီဖောင်း စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ထိုင်းရဲတွေကို ဆံပင်တို ညှပ်ခိုင်းတဲ့ သတ်မှတ်ချက် ဖျက်သိမ်းဖို့ တက်တက်ကြွကြွ မဲဆွယ် လှုပ်ရှားခဲ့ဖူးတဲ့ အတိုက်အခံ Move Forwardပါတီ (MFP)က ဒီအပြောင်းအလဲကို ကြိုဆိုခဲ့ပေမယ့် ရဲတွေဟာ သူတို့စိတ်ကြိုက် ဆံပင်ပုံစံကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိသင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ထိုင်းရဲသင်တန်းရဲ့ လူမှုသိပ္ပံဌာန အကြီးအကဲ ဆိုရတ် ကလပ်ဝီလာကတော့ ဒီအပြောင်းအလဲကို ရဲဝန်ထမ်း အများစု သဘောကျလိမ့်မယ်လို့ ပြောပါတယ်။ တချို့ ဆံပင်အရှည်မြန်တဲ့ ရဲအရာရှိတွေက တလတခါလောက် ဆံပင်သွားညှပ်ရကြောင်း၊ စည်းမျဉ်းသစ်ကြောင့် သူတို့တွေ အကုန်အကျ သက်သာသွားတော့မှာဖြစ်ကြောင်း ဆိုရတ်က ပြောပါတယ်။ ထိုင်းမှာ ရာထူးအနိမ့်ဆုံး ရဲတွေရဲ့ အခြေခံ လစာက ဒေါ်လာ ၂၅၀ ဝန်းကျင်လို့ သိရပါတယ်။

 

Ref: CNA