ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့နိုင်ရေးအဆို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်

အောက်တိုဘာ၊ ၁၈

ဂါဇာကမ်းမြှောင် ဒေသဆီ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့နိုင်ရေးကိစ္စ အဆိုတရပ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

အဲဒီ အဆို မူကြမ်းကို ဘရာဇီး နိုင်ငံက တင်သွင်းခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက သဘောထား ဆန္ဒမဲ ပေးကြမယ်လို့ ဆိုပါတယ်။ အဆိုမူကြမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားအဖွဲ့ကြား စစ်ပွဲတွေမှာ ပိတ်မိနေတဲ့ ဂါဇာဒေသခံ ပါလက်စတိုင်း ပြည်သူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ကူညီ တင်ပို့ဖို့အတွက် သတ်မှတ် အချိန်ပိုင်း တခုစီ အပစ်အခတ် ရပ်စဲထားစေဖို့ ဖြစ်ပါတယ်။

အဲဒီကိစ္စပြီးရင် ယူအေအီးနဲ့ ရုရှားတို့ရဲ့ တောင်းဆိုချက်အရ ဂါဇာမှာ ဆေးရုံတခု တိုက်ခိုက်ခံရပြီး လူရာနဲ့ချီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကိုပါ လုံခြုံရေး ကောင်စီက နောက်ဆက်တွဲ ဆွေးနွေးဖွယ် ရှိတယ်လို့ သံတမန် အသိုက်အဝန်းနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။ ဂါဇာစီးတီးက ဆေးရုံဟာ ဒုံးကျည်ထိမှန်လို့ ပေါက်ကွဲပျက်စီးခဲ့ပြီး လူ ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမားစ်တွေက ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ထားကြပါတယ်။

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ကိုယ်စားလှယ် ရီယတ်ဒ် မန်ဆာကတော့ ဆေးရုံ တိုက်ခိုက်မှု ဖြစ်စဉ်ဟာ အစ္စရေး စစ်တပ်တွေ ကျူးလွန်တဲ့ အစုလိုက် သတ်ဖြတ်မှုကြီးလို့ စွပ်စွဲ ရှုတ်ချထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂီလတ်ဒ် အာဒန်းကတော့ ဒီဖြစ်စဉ်မှာ တာဝန်ရှိသူဟာ ဟားမားစ်တွေရဲ့ မဟာမိတ် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ် (PIJ) စစ်သွေးကြွ အဖွဲ့သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ PIJက အစ္စရေးကို ပစ်ခတ်တဲ့ ဒုံးကျည်တစင်း လမ်းကြောင်းမှားပြီး ဆေးရုံပေါ် ကျရောက် ပေါက်ကွဲတာသာ ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုကို PIJက ငြင်းဆိုထားပါတယ်။

ဘရာဇီးက တင်သွင်းတဲ့ ဂါဇာမှာ ထောက်ပံ့ရေး အစီအမံတွေ အကောင်အထည်ဖော်မှု အဆိုမူကြမ်းကို မူလက အောက်တိုဘာ ၁၆ ရက်မှာ မဲခွဲဖို့ ရည်ရွယ်ထားပေမယ့် ညှိနှိုင်းချိန် ပိုရအောင် ၂၄ နာရီ နောက်ဆုတ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက သဘောတူညီခဲ့ကြပါတယ်။ နောက်တော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစ္စရေး ခရီးစဉ်ကြောင့် နောက်တရက် ထပ်ပြီး နှောင့်နှေးခဲ့ပြန်ပါတယ်။

လုံခြုံရေး ကောင်စီ မဲခွဲမှုတွေမှာ အစ္စရေးကို အစဉ်တစိုက် ကာကွယ်ပေးလေ့ရှိတဲ့ ဗီတိုအာဏာပိုင် အမေရိကန် နိုင်ငံဟာ အခုမဲခွဲမယ့် အဆိုနဲ့ ပတ်သက်လို့ ဘယ်လို သဘောထား ရှိမလဲဆိုတာ မသိရသေးပါဘူး။ အစ္စရေးဟာ ဟားမားစ်တွေနဲ့ စစ်ပွဲစတင်ပြီး မကြာခင်မှာပဲ ဂါဇာဒေသ တခုလုံးကို တင်းတင်းကျပ်ကျပ် ဝန်းရံပိတ်ဆို့ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ၊ လျှပ်စစ်မီးစတဲ့ အထောက်အပံ့ အားလုံးကို ဖြတ်တောက်ထားတာကြောင့် ပါလက်စတိုင်း ပြည်သူတွေ အကြီးအကျယ် အကျပ်တွေ့နေရပါတယ်။

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက ဒေသခံ ၁.၁ သန်းကျော်ကိုလည်း ရွှေ့ပြောင်းဖို့ သတိပေး ညွှန်ကြားထားပါတယ်။ လက်ရှိ အချိန်ထိ ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပြီး မြေပြင်ထိုးစစ် အစပြုဖို့လည်း တပ်တွေ စုရုံးပြင်ဆင်နေပါပြီ။  

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်က အစ္စရေး ပိုင်နက်ကို ကျူးကျော်မှုနဲ့အတူ စတင်ခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးဖက်က ၁၃၀၀ ကျော်နဲ့ ပါလက်စတိုင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

 

Ref: CNA