သရက်ချောင်းမှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တချို့ မီးလောင်

အောက်တိုဘာ၊ ၁၇
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ အောက်တိုဘာလ ၁၇ ရက်၊ ဒီကနေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်သုံးလုံးထက်မနည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” လက်နက်ကြီးကျလို့ လောင်တာလား။ စစ်တပ်က ရှို့တာလား သေချာမသိဘူး။ ပစ်သံတွေကြားပြီးမှာပဲ မီးထလောင်တာ ” လို့ ရငဲရွာအနီး နေထိုင်သူ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
 
ကတွဲရွာဘက်ကနေ ရငဲရွာထဲ ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
 
” ရွာအဝင်မှာ (ရငဲ) မိုင်းဆွဲတယ်လို့ ကြားတယ်။ သူတို့ (စစ်တပ်)ဘက်က နာတဲ့လူတွေရှိလို့ ကားနဲ့လာသယ်သွားသေးတယ် ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေကိုတော့ အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲအတွင်း ထိခိုက်တဲ့ သူတို့တပ်ဖွဲ့ဝင် သုံးဦးခန့်ကို သရက်ချောင်းဘက်ကနေ အရေးပေါ်ကားနဲ့ လာသယ်သွားတယ်လို့ သိရပါတယ်။
 
သရက်ချောင်းမြို့နဲ့ မိုင်နှစ်ဆယ်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းပေါ်မှာရှိတဲ့ ရငဲရွာထဲမှာ အခုနှစ် ဇွန်လအလယ်လောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားပြီး အနီးအနားရွာတွေကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။
 
ရွာထဲတပ်စွဲထားတဲ့ အဲဒီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အခါတိုင်းလိုလို ရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ဒေသအတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ The Tanintharyi Times ရဲ့ ဖော်ပြချက်အရတော့ ဇွန်လကနေ အခုအောက်တိုဘာလအထိ ငါးလလောက်အတွင်း ရငဲရွာမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် ၁၂ လုံးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
ရငဲရွာနဲ့ အနီးအနားကျေးရွာတွေဖြစ်တဲ့ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကတွဲနဲ့ ကမြိုင်စတဲ့ ရွာတွေက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဖမ်းဆီးမှုတွေကြောင့် မကြာခဏ ထွက်ပြေးတိမ်ရှောင်ကြရပါတယ်။
 
” ရငဲရွာမှာတော့ လူပြန်မနေတာကြာပြီ။ ကျန်တဲ့ရွာမှာတော့ အေးရင် ရွာထဲပြန်နေ၊ စစ်ကြောင်းထိုးရင် ပြန်ရှောင် လုပ်နေကြတာ၊ အခုလည်း ထပ်ရွှေ့နေရတယ် ” လို့ ဝဲရစ်ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရငဲရွာနဲ့ အနီးအနားတဝိုက်မှာ သွားလာနေပြီး နေ့လယ် နှစ်နာရီလောက်အထိ လက်နက်ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။
 
ဒေသအတွင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စစ်တမ်းတွေအရတော့ တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ နှစ်အစကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ လူနေအိမ် ၆၇၀ လုံးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media