အောက်တိုဘာ၊ ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ သဲကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တဦးအပါအဝင် လူခုနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း PDF တဦးနဲ့ တိုက်ပွဲအပြီး စစ်ကြောင်းပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ကြတဲ့ ဒေသခံခြောက်ဦး စုစုပေါင်း ခုနှစ်ဦးကို သတ်ဖြတ်ပြီး အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ ရွာထဲဝင်တာ မိန်းကလေးတွေလည်း ပါတယ်။ မိန်းကလေးတွေ နဲနဲရိုက်ပြီး ပြန်လွှတ်လိုက်ပြီး ယောင်္ကျားလေးတွေကို နှိပ်စက်ပြီး သတ်သွားတာ “ လို့ ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးခဲ့သူတွေဟာ သဲကုန်းရွာက အသက် သုံးဆယ်ကျော်အရွယ်ရှိတဲ့ ကိုဇော်မောင်၊ ကိုဇော်သူ၊ ကိုမောင်လင်း တို့နဲ့ အသက် ၁၇ နှစ်အရွယ်တွေဖြစ်တဲ့ မောင်ခန့်နေနိုင်၊ မောင်သန့်ဇင်ဦး နဲ့ မောင်သန်းထိုက်အောင် တို့ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အသက် ၁၇ နှစ်အရွယ် လူငယ်သုံးဦးဟာ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူတွေလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြထားပေမယ့် မိသားစုနဲ့ မတွေ့ရသေးလို့ သေချာမသိရသေးတဲ့အကြောင်း ယင်းမာပင် ပအဖ တာဝန်ရှိသူက ဆိုပါတယ်။
အင်းအား တရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က ပုလဲနယ်နဲ့ ယင်းမာနယ်စပ် ယမားတံတားကို ကျော်ပြီး ယင်းမာပင်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်သွားခဲ့တာပါ။
အဲဒီလို စစ်ကြောင်းဝင်ချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးလည်း ခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ယင်းမာပင် ပအဖတာဝန်ရှိသူက ပြောပါတယ်။
“ ရဲဘော်ကတော့ စစ်ကြောင်းမှာ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရတာပေါ့။ ဖမ်းခံရရင်း ခေါင်းဖြတ်သတ်ခံလိုက်ရတာ “ လို့ သူကပြောပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ သဲကုန်းရွာကနေ အရှေ့ဖက် မန်းကျီးကုန်းရွာကို ပြန်ဝင်ရောက်သွားပြီအထင်နဲ့ ဒေသခံတွေ ရွာထဲပြန်ဝင်ကြတဲ့အတွက် နောက်ချန်ကင်းပုန်းနဲ့တိုးကာ အခုလို သတ်ဖြတ်ခဲ့ရတာပါ။
စစ်ကောင်စီ စစ်ကြောင်း ရွာထဲက ပြန်ထွက်ပြီးနောက် အောက်တိုဘာလ ၁၆ ရက်၊ မနေ့က မနက်ပိုင်းမှာ ဒေသခံတွေ ရွာထဲပြန်ဝင်ချိန် သေဆုံးသူတွေရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး ချက်ခြင်း သဂြိုလ်ပေးခဲ့ပြီလို့ သိရပါတယ်။
လက်ရှိမှာ ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းသုံးကြောင်းခွဲထိုး နေတာကြောင့် ကျေးရွာဆယ်ရွာကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဓာတ်ပုံ – AFP (ပုံဟောင်း)