ရုရှား နျူကလီးယား လက်နက်တွေ ထုတ်သုံးလာအောင် အမေရိကန် ဆွပေးနေတယ်လို့ ဘီလားရုစ် သမ္မတ စွပ်စွဲ

အောက်တိုဘာ၊ ၁၇

ယူကရိန်းကို အမေရိကန်က လက်နက် တပ်ဆင် ထောက်ပံ့နေတာဟာ ရုရှားကို နျူကလီးယား လက်နက်တွေ ထုတ်သုံးလာအောင် ရန်စလို ဖြစ်နေကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ဝေဖန်လိုက်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး စစ်မဟာမိတ် တဦးအဖြစ် သတ်မှတ်နိုင်တဲ့ လူကာရှန်ကို ရုရှား-ယူကရိန်း စစ်ပွဲမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ယူကရိန်းဖက်ကနေ အားပေး ကူညီနေတယ် ဆိုတာဟာ ပဋိပက္ခကို ပိုမို အရှိန်မြင့်လာအောင် တွန်းပို့နေတာနဲ့ မခြားဘူးလို့ ပြောပါတယ်။ 

သူ့ကိုယ်ပိုင် အမြင်ကို ပြောရရင်တော့ အမေရိကန်က ရုရှားကို လူ့သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး စစ်လက်နက်တွေ ထုတ်သုံးလာအောင် တွန်းအားပေးနေတယ်လို့ ခံစားမိကြောင်း လူကာရှန်ကိုက ဆိုပါတယ်။ ဘရက်စ်ဒေသက စစ်စခန်း တခုကို သွားရောက် စစ်ဆေးချိန်မှာ လူကာရှန်ကိုက အမေရိကန် အနေနဲ့ ယူကရိန်းအတွက် ကီလိုမီတာ ၃၀၀ ကျော် အကွာအဝေးထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့လာခြင်းကိုလည်း ဝေဖန် မေးခွန်းထုတ်သွားပါတယ်။

အဲဒီဒုံးကျည်တွေကို သုံးပြီး ရုရှားပိုင်နက်ကို ထိပါးတိုက်ခိုက်ခဲ့မယ်ဆိုရင် မော်စကိုမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ငြိမ်ခံမနေဘဲ တုံ့ပြန်လာမှာ သေချာကြောင်း လူကာရှန်ကိုက ပြောပါတယ်။ ကိုယ့်ပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း ထိပါးလာပြီဆိုရင် နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေက သူတို့ရဲ့ ဖျက်ဆီးအား အပြင်းဆုံး စစ်လက်နက်ကို ထုတ်သုံးမှာဖြစ်ကြောင်း၊ မဟုတ်ရင် နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတာ ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ကြောင်း လူကာရှန်ကိုက ဆိုပါတယ်။

တကယ်လို့ ယူကရိန်းနဲ့ ပဋိပက္ခမှာ ဘေးပယောဂတွေက ဆက်လက် မီးစာမြှင့်ပေးနေမယ်ဆိုရင် တချိန်ချိန်မှာ ရုရှားက ခလုတ်အနီ (နျူကလီးယား လက်နက် ပစ်ခတ်မှု)တွေကို နှိပ်လိုက်ရမှာပဲ ဖြစ်တယ်လို့ သူက ခြိမ်းခြောက်ပါတယ်။ အဲဒီကျရင် သမုဒ္ဒရာ ခြားနေတဲ့ အမေရိကန်ကတော့ အနေသာကြီးဖြစ်ပြီး ယူကရိန်းနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေသာ ဆိုးကျိုးတွေ သက်ရောက် ခံစားရလိမ့်မယ်လို့လည်း လူကာရှန်ကိုက ပြောကြားသွားပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ တိုက်ရိုက် ခြိမ်းခြောက်မထားပေမယ့် နိုင်ငံလုံခြုံရေး ထိပါးခံလာရတဲ့ အဆင့်ထိ ရောက်လာရင်တော့ လက်နက်တိုက်ထဲမှာ ရှိနေသမျှ ဘယ်အရင်းအမြစ်ကိုမဆို ထည့်စဉ်းစားရလိမ့်မယ်လို့ ပြောထားပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူး အရေအတွက် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

 

Ref: CNN