NCA နှစ်ပတ်လည် အခမ်းအနားတက်တဲ့ ABSDF ဒုဥက္ကဌအပါအဝင် တပ်ဖွဲ့ဝင်သုံးဦး တာဝန်ရုပ်သိမ်းခံရ

အောက်တိုဘာ ၊ ၁၆

စစ်ကောင်စီကျင်းပတဲ့ NCA စာချုပ် ရှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ခဲ့တဲ့ ဒုဥက္ကဌ ရဲဘော်မျိုးဝင်း အပါအဝင်တပ်ဖွဲ့ဝင် သုံးဦးရဲ့နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်တွေကို ရုပ်သိမ်းတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

“အဖွဲ့အစည်းရဲ့ ရပ်တည်ချက် သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ သူတို့ရဲ့ သဘောဆန္ဒအလျောက်သွားတက် ရောက်ခဲ့တဲ့အပေါ်မှာ မူတည်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးတာဝန်၊ စစ်ဘက်ဆိုင်ရာ တာဝန်တွေကနေ ရပ်ဆိုင်း လိုက်တာ” လို့ ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက DNA ကို ပြောပါတယ်။

အဲဒီတပ်ဖွဲ့ဝင်သုံးဦးဟာ စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်အခမ်းအနား တက်ရောက်ဖို့ ABSDF အစည်းအဝေးတွေ မှာ ကြိုတိုင်ပင်ခဲ့တာလည်း မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက NCA နှစ်ပတ်လည်အခမ်းအနားတက်ရောက်ဖို့ ABSDF ခေါင်းဆောင်တချို့ကို ဖိတ်ကြား ခဲ့ပေမယ့် အဲဒီအခမ်းအနားမတက်ရောက်ဖို့ ABSDF ရဲ့ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက် ချထားပြီဖြစ်တယ်လို့ဆိုပါတယ်။

“စစ်ကောင်စီကို တရားဝင်စေမယ့် မည်သည့်ဆောင်ရွက်ချက်မှ မဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်” လို့ ရဲဘော်ဆန်နီက ပြောပါတယ်။

 ABSDF ဟာ NCA စာချုပ်မှာ စာချုပ်စတင်ချုပ်ဆိုတဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ကတည်း ပါဝင် လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် NCA စာချုပ် ပျက်ပြယ်သွားပြီ လို့လည်း အခုလ ၁၂ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ပူးပေါင်းပြီး ABSDF က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

အခုတာဝန်က ရပ်ဆိုင်းခံရသူတွေထဲပါဝင်တဲ့ ရဲဘော်မျိုးဝင်းဟာ အဲ့ဒီအချိန်က ABSDF တပ်ဖွဲ့ကို ကိုယ်စားပြုပြီး NCA စာချုပ်မှာကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူဖြစ်ပါတယ်။