အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို တရက်လုပ်ခ ၅၈၀၀အပေါ် အခြေခံတွက်ပေးရမယ်

 

အောက်တိုဘာ၊ ၁၆

စက်ရုံ၊အလုပ်ရုံအလုပ်သမားတွေရဲ့အချိန်ပိုလုပ်အားခကို အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဖြစ်တဲ့ ၅၈၀၀ ကျပ်အပေါ်အခြေခံပြီးတွက်ချက်ပေးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဦးမြင့်နောင်ကအသိပေးထားတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းဆီကသိရပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးနဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တို့ အောက်တိုဘာ ၁၃ ရက်ကတွေ့ဆုံရာမှာ အထည်ချုပ်လုပ်ငန်းကဏ္ဍတွေအကြောင်းအပြင် ရှင်းလင်းမှုမရှိတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နဲ့အချိန်ပိုကြေးတွက်ချက်ရမယ့် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အထည် ချုပ် လုပ်ငန်းရှင်တဦးကပြောပါတယ်။

“အဲဒါနဲ့ပတ်သက်လို့ နောက်ဆက်တွဲညွှန် ကြားစာထုတ်ပေးမယ်ပြော တယ်၊အသင်ရုံးဆီအခုစာက ရောက်ပြီလား၊ မရောက်သေးဘူးလားတော့မေးမကြည့်ရသေးဘူး”လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အလုပ်သမား ၁၀ဦးအထက် ရှိတဲ့ လုပ်ငန်းတွေအနေနဲ့  အလုပ်သမားတွေကို ထောက်ပံ့ကြေးကျပ်တထောင် ထပ်ဆောင်းပေးဖို့ညွန်ကြားခဲ့ပြီး အဲဒီထောက်ပံ့ကြေးအပါအဝင် အနည်းဆုံးအခကြေးငွေဟာ ၅၈၀၀ ကျပ်ဖြစ်တယ်လို့  အောက်တိုဘာ ၅ရက်မှာ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

အဲဒီအမိန့်စာမှာ တိုးမြှင့်တဲ့ ကျပ်တထောင်ကို ထောက်ပံ့ကြေးလို့သုံးထားတာကြောင့်အချိန်ပိုကြေးကို မူလအ နည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ပဲ တွက်ချက်ရမယ့် အခြေအနေဖြစ်နေတယ်ဆိုပြီး အလုပ်သမား တွေ နဲ့လုပ် ငန်းရှင်တွေကြား ရှုပ်ထွေးမှုတွေရှိနေတာပါ။

“ထုတ်တဲ့စာကိုကမရှင်းမရှင်းနဲ့၊ပြီးတော့နောက်ကလိုက်ရှင်းနေရတာအလုပ်တလုပ်၊အလုပ်သမားတွေအနေနဲ့က ၅၈၀၀ ဖြစ်တာကိုလက်ခံချင်တာမဟုတ်ဘူးလို့ ပြည်တွင်းကအလုပ်သမားခေါင်းဆောင်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့အနည်းဆုံးလုပ်ခလစာနှုန်းအသစ်မထုတ်ပြန်ခင်အထိ အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို တ ရက်လုပ်ခ ၄၈၀၀အပေါ်အခြေခံတွက်ချက်ပေးနေတာဖြစ်ပါတယ်။

အဲ့ဒီနှုန်းထားအရဆိုရင် အချိန်ပိုတနာရီအတွက် လုပ်ခ ၁၂၀၀ ကျပ်ဝန်းကျင်ရနေတာဖြစ်ပြီး အခုနှုန်းထားအသစ်နဲ့ တွက်မယ်ဆိုရင်တော့ ၁၅၀၀ကျပ်နီးပါးလောက်ရှိလာနိုင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“အလုပ်သမားတွေက အချိန်ပို ကြေးကိုအားထားနေရတာမို့လို့ အချိန်ပိုကြေးတိုးဖို့ကလည်း အရေးပါတယ်၊ ၄၈၀၀နဲ့တွက်မှဖြင့်ဘာထူးမှာလဲ”လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတဦးကပြောပါတယ်။

စစ်ကောင်စီက အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဆိုပြီး ထောက်ပံ့ကြေးကျပ်တထောင်တိုးဖို့ သတ်မှတ် လိုက်ပေမယ့် အလုပ်သမားတွေကတော့ တရက်လုပ်ခ ကျပ်တသောင်းလောက်အထိ တိုးပေးဖို့ မျှော်လင့်တောင်း ဆိုနေကြတာပါ။

အခုလိုစစ်ကောင်စီကထောက်ပံ့ကြေးအပါအဝင် ကျပ် ၅၈၀၀ ဖြစ်တယ်လို့ အနည်းဆုံးလုပ်ခကိုတရားဝင်မကြေ ညာခင်ကတည်းက လုပ်ငန်းရှင်တချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ခတိုးပေးတာတွေရှိခဲ့ပါတယ်။

အဲ့ဒီအထဲက စက်ရုံ၊အလုပ်ရုံတချို့ကတိုးပေးလိုက်တဲ့နှုန်းထားဟာ စစ်ကောင်စီကတရားဝင်ကြေညာလိုက်တဲ့ အ နည်းဆုံးလုပ်ခထက် ပိုများနေတာမျိုးတွေလည်းရှိနေတယ်လို့အဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းကပြောပါတယ်။

စစ်ကောင်စီရဲ့တရားဝင်သတ်မှတ်ချက်ထက်  ပိုများနေတဲ့ စက်ရုံတွေအနေနဲ့ နှုန်းထားပြန်လျှော့လိုက်မှာကို အ လုပ်သမားတွေဘက်က စိုးရိမ်နေကြတာမျိုးတွေလည်းရှိနေပါတယ်။

“တရားဝင်ကြေညာထားတဲ့ပမာဏထက်ပိုသတ်မှတ်ပေးထားပြီးဖြစ်တဲ့စက်ရုံတွေအနေနဲ့ကတော့ လုပ်ခပြန်လျှော့ လိမ့်မယ်မထင်ဘူး၊စျေးကွက်ယှဥ်ပြိုင်မှုအရ လုပ်သားကောင်းတွေမဆုံးရှုံးဖို့အတွက်လုပ်ရမှာပဲလေ”လို့ အထည် ချုပ်စက်ရုံလုပ်ငန်းရှင်တဦးကပြောပါတယ်။

အခုအတည်ပြုလိုက်တဲ့အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဟာ အခုလဆန်းမှာစတင်အသက်ဝင်တာဖြစ်လို့ အောက်တိုဘာလအတွက် လစာထုတ်ချိန်ကျမှ ခံစားခွင့်တွေဘယ်လောက်တိုးလာတယ်ဆိုတာ အတိအကျ သိရ မယ်လို့ အလုပ်သမားတွေကပြောကြပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ဟာ လုပ်သား ၁၀ဦးအထက်ရှိတဲ့လုပ်ငန်းကဏ္ဍအားလုံးက အလုပ်သမား တွေ အကြုံးဝင်ခံစားခွင့်ရမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြန်ရှင်းလင်းထားပါတယ်။

လက်ရှိ မြန်မာနိူင်ငံမှာ လက်ခစား (CMP)စက်ရုံ၊အလုပ်ရုံ ၈၀၀ နီးပါးရှိပြီး အလုပ်သမား ငါးသိန်းကျော်လုပ်ကိုင် နေကြကာ အဲဒီလုပ်သားထုဟာအနည်းဆုံးလုပ်ခတိုးမြှင့်ရေး အဓိကတောင်းဆိုနေကြသူတွေဖြစ်ပါတယ်။