လုယက်၊ သတ်ဖြတ်မှုအတွက် သံသယရှိနေတဲ့ စစ်သားနှစ်ဦးကို တပ်တွင်းစစ်ဆေးနေတယ်လို့ သေဆုံးသူရဲ့မိသားစုကို တပ်ကအသိပေး

အောက်တိုဘာ ၊ ၁၆ 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ လုယက်၊သတ်ဖြတ်မှူကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေကယူဆထားတဲ့  စစ် ကောင်စီတပ်သားနှစ်ဦးကိုတပ်တွင်းစစ်ဆေးမှုလုပ်နေသလို အရပ်ဘက်ကိုလည်းလွှဲပေးမယ့်အကြောင်း သက်ဆိုင် ရာတပ်က အသိပေးလာတယ်လို့ သေဆုံးသူရဲ့မိသားစုဝင်တဦးက DNAကိုပြောပါတယ်။

“လောလောဆယ် သူတို့က အမှုကို စစစ်တယ်ပေါ့၊ပြီးရင် အပေါ်ကိုလည်း တင်ရမယ်တဲ့၊ ပြီးတဲ့အခါ တပ်ထဲက လည်းအပြစ်ပေးမယ်၊အပြင်ကိုလည်း လွှဲပေးမယ်၊ တပ်ထဲကဟာရော၊ အပြင်ကဟာရော နှစ်ခုလုံး ခံရမယ်တဲ့၊ အဲ့ လိုပြောတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့မိသားစုဝင်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်ဒေသခံခြောက်ဦးကိုလည်း တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်တွင်းကို အောက်တိုဘာ ၇ရက်က ခေါ်ယူစစ်ဆေးမေးမြန်း ခဲ့သေး တယ်လို့သိရပါတယ်။

အရပ်ဖက်တရားရုံးကို လွှဲပေးမယ်ဆိုပေမယ့် ဘယ်တော့လွှဲပေးမယ်ဆိုတဲ့ အသေးစိတ်ကို မသိရသေးသလို ဒီက နေ့အထိတော့ ပြောထားတဲ့အတိုင်းလွှဲပေးတာ မရှိသေးဘူးလို့ မိသားစုနဲ့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်မှာနေထိုင်တဲ့ အသက်လေးဆယ်ဝန်းကျင်အရွယ်ဦးစံသိန်းအောင်ဆိုသူဟာ ဇူလိုင် ၃၀ရက်ညနေပိုင်းက တောင်ကုတ်တက္ကသိုလ်အနီးမှာ ဖုန်းနဲ့ဆိုင်ကယ် လုယက်သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီအမှုမှာ စစ်ကောင်စီတပ်သားနှစ်ဦးကို အသတ်ခံရသူရဲ့ ဖုန်း၊ ဆိုင်ကယ်တို့နဲ့အတူ ရဲက ဖမ်းမိခဲ့ပေမယ့် သူတို့ရဲ့ တပ်ရင်းဖြစ်တဲ့ တောင်ကုတ်မြို့အခြေစိုက်ခမရ (၃၄၆) တပ်ရင်းက ရဲလက်ထဲကနေ ပြန်ခေါ်သွားခဲ့တာကြောင့် မိသားစုဝင်တွေက ကျေနပ်မှုမရှိသလို ဒေသခံတွေကြားဝေဖန်မှုတွေလည်းရှိနေတာပါ။

ဒီလိုဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက မိသားစုဝင်တွေနဲ့ ဒေသခံတွေကို အမှုနဲ့ပတ်သက်ပြီး  တပ်တွင်းစစ်ဆေးမှုလုပ်နေတယ်လို့ ခေါ်ယူအသိပေးလာတာဖြစ်ပါတယ်။

လက်ရှိမှာ အဖမ်းခံထားရတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို တပ်ရင်းထဲက အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ပြော ပေမယ့် မျက်မြင်တွေ့ခဲ့ရတာတော့မရှိဘူးလို့ တပ်တွင်းကို ခေါ်ယူစစ်ဆေးခံရသူတွေထဲကတချို့က ပြောပါတယ်။

“သူတို့ကတော့ ချုပ်ထားတယ်ပြောတာပေါ့၊အမှန်အကန် အရေးယူစေချင်ပါတယ်၊သူတို့က တော်တော် ရဲတင်း တယ်၊လူသတ်ပြီး ယူသွားတဲ့ သွေးအလူးလူးနဲ့ ဆိုင်ကယ်ကိုပါ မြို့ထဲမှာ စီးပြီး သွားနေတာ”လို့သေဆုံးသူရဲ့ မိသားစု၀င်တဦးက ပြောပါတယ်။

အဲဒီလူသတ်မှုမှာ ကွင်းဆက်တွေ ဆက်ရှိနေနိုင်သေးပြီး ရှာဖွေဖမ်းဆီးပေးဖို့ တောင်းဆိုတယ်လို့လည်း သူက ဆို ပါတယ်။

ဦးစံသိန်းအောင်ဆိုသူ သတ်ဖြတ်ခံရတဲ့အမှုမှာ (၃၄၆) တပ်ရင်းမှ တပ်သားဝင်းထွန်းလွင်နဲ့ တပ်သား ကောင်း မြတ် အောင်တို့ကို ဒေသခံတွေနဲ့ရဲတွေပူးပေါင်းကြိုးပမ်းမှုကြောင့် ဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း တောင်ကုတ်ဒေသခံ တွေကပြောထားပါတယ်။

 သူတို့နှစ်ဦးထဲက တဦးကို သတ်ဖြတ်ခံရသူရဲ့ ဖုန်း password ကိုဆိုင်မှာလာဖြည်ခိုင်းချိန် ဖုန်းနဲ့အတူ ဖမ်းမိတာ ဖြစ်ပြီး နောက်တဦးကိုတော့ သေဆုံးသူရဲ့ဆိုင်ကယ်ကိုတောင်ကုတ်မြို့တွင်းမှာလိုက်ရောင်းနေချိန် ဆိုင်ကယ်နဲ့ အ တူ ဖမ်းမိ တာဖြစ်ပါတယ်။

 “ဒီကောင်တွေကို ရဲလက်ထဲကနေ ဆဲဆိုပြီး ယူ(ခေါ်)သွားဝာာ၊တကယ့်တကယ် အ ရေးမယူဘဲ ထားမှာ စိုးရိမ် တယ်၊ဖ မ်းတုန်းကလည်း မြို့ခံတွေပဲ ဖမ်းပေးခဲ့ရတာ၊တပ်က ဒီအတိုင်း လွှတ်ထားခဲ့တယ်”လို့ တောင်ကုတ်ဒေသခံ တဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ဆိုင်ကယ်နဲ့ ဖုန်းတို့ကို ရဲက သိမ်းဆည်းထားဆဲဖြစ်ပြီး မိသားစုအနေနဲ့ ပြန်မရသေးဘူးလို့ ဆိုပါတယ်။

အဲဒီအ ခြေအနေကို မေးမြန်းနိုင်ဖို့ တောင်ကုတ်ရဲစခန်းကို DNA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြား တာ မရှိပါဘူး။ ဦးစံသိန်းအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ညနေပိုင်းက သူရဲ့ မွေးမြူရေး ကြက်ခြံကနေ အ ပြန်မှာ လုယက်၊ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ကာလပေါက်စျေးအရ ကျပ်ဆယ်သိန်းကျော်တန် ဖုန်းတလုံးနဲ့ Hoda Dream ဆိုင်ကယ်တစီး လုယက်ခံခဲ့ရတယ်လို့ မိသားစုက ပြောထားပါတယ်။

ပုံစာ – NLD အစိုးရလက်ထက်အတွင်းစစ်တပ်ကထုတ်ပြန်ခဲ့တဲ့စစ်ခုံရုံးနဲ့စစ်ဆေးနေပုံ..။