ကျိုက်ထိုမှာ KNU/KNLA-PC တပ်ဖွဲ့ဝင်ဟောင်း၊ KTV ပိုင်ရှင်တဦးပစ်သတ်ခံရ

အောက်တိုဘာ၊ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ KNU/PNLA(PC)တပ်ဖွဲ့ဝင်ဟောင်း KTV ဆိုင်ပိုင်ရှင်တဦး မနေ့က ညနေပိုင်းက ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ကျိုက်ထိုမြို့ခံတွေကပြောပါတယ်။

 ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာရှိတဲ့ Shwe KTV ဆိုင်ပိုင်ရှင် KNU/PNLA(PC)တပ်ဖွဲ့ဝင်ဟောင်း ဦးအေင်မျိုးလွင်ဟာ သူ့ဆိုင်ရှေ့မှာပဲ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာလို့ သိရပါတယ်။

 “သူ့မိသားစုတွေ ကလေးတွေရော သူ့ဆိုင်ကို လာပြီး အပြန် ကားပေါ်တက်ခါနီး သူ့ဆိုင်ရှေ့မှာပဲ ပစ်ခံရတာ၊ ဝင် ပစ်တာတော့ နှစ်ယောက်သုံးယောက်လို့ ပြောတယ်” လို့ သေဆုံးသူပိုင် KTV ကဝန်ထမ်းတွေနဲ့နီးစပ်သူတဦးက DNAကိုပြောပါတယ်။

 ပစ်ခတ်ခံရပြီး  သေဆုံးသွားတဲ့ ဦးအောင်မျိုးလွင်ဟာ KNU/KNLA(PC)တပ်ဖွဲ့ဝင် အဖြစ်ကနေ ၂၀၁၁ခုနှစ်ဝန်း ကျင်မှာ စစ်တပ်ဆီ လက်နက်တွေနဲ့အတူ အလင်းဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

 သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်မျိုးလွင်ရဲ့ ကျောနဲ့ ခါးတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာနှစ်ချက်စီ ရရှိခဲ့ပြီး ကျိုက်ထို ပြည်သူ့ဆေးရုံကို ပို့ခဲ့ပေမယ့် လမ်းမှာပဲ သေဆုံးသွားတာလို့ အထက်ပါ ကျိုက်ထိုဒေသခံ ကပြော ပါ တယ်။

 ပစ်ခတ်မှုဖြစ်ချိန် အခင်းဖြစ်နေရာမှာ ဦးအောင်မျိုးလွင်ရဲ့ ဇနီးနဲ့ ကလေးတွေလည်းရှိနေပေမယ့် သူတို့အနေနဲ့ တော့ ထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။

 ဦးအောင်မျိုးလွင်ဟာ လုပ်ငန်းကိစ္စတွေအတွက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၊ ရဲ၊ စစ်သားတွေနဲ့ အတူ သွားလာ တာမျိုးတွေ ရှိနေတဲ့အတွက် အခုလိုပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေဆီ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ပြီး သတင်းပေးတာမျိုး ရှိ၊ မရှိကို တော့ မသိရဘူးလို့ သေဆုံးသူနဲ့ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လုပ်ငန်းကိစ္စတွေတော့ တွေ့ရ ပြောရတာတော့ ရှိတယ်ပေါ့ဗျာ၊ ကျွန်တော်တို့လည်း အတူတူပဲပေါ့၊ သူ့စိတ် နေ သဘောထားက အဲဒီလိုမျိုး သတင်းပေးတဲ့ကိစ္စမရှိလောက်ဘူးထင်တာပဲ၊ အားလုံးလည်း ကိုယ်မသိနိုင်တော့ ပြောရခက်ပါတယ်” လို့အဲ့ဒီလုပ်ငန်းရှင်က ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတ ထုတ်ပြန်ထားခြင်းမရှိသေးသလို ကျိုက်ထို မြို့နယ် အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကို DNA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံ ဖြေကြားခြင်း မရှိသေးပါဘူး။

DNA က ဆက်သွယ်ရရှိခဲ့တဲ့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းကတော့ ဒီပစ်ခတ်မှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုထဲကပဲ လုပ်ခဲ့တာလား၊ တခြားအဖွဲ့တခုခုကလား၊အတိအကျတော့ အ တည်ပြုပေးလို့ မရသေးဘူး” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကနေ အငြိမ်းစားယူထားတဲ့ စစ်မှုထမ်း ဟောင်းတွေ၊ ကရင်နယ်ခြား စောင့်တပ် BGF အဖွဲ့ဝင်တွေ၊ မြို့နယ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန် ရှိသူတွေပစ်ခတ်တိုက် ခိုက်ခံရတာတွေ မကြာမကြာဖြစ်နေတာပါ။

 ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်ကလည်း ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက်မှာ စစ်ကောင်စီတပ်ကနေ အငြိမ်း စားယူထား တဲ့ ဒုဗိုလ်မှူးကြီးမိသားစုကို အမည်မသိလူတစုက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒုဗိုလ်မှူးကြီးက ကျည်ရှပ် ထိဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ဇနီးဖြစ်သူ ပွဲချင်းသေဆုံးကာ သားဖြစ်သူမှာ မျက်လုံးကျည်ရှပ် ထိဒဏ်ရာရ ခဲ့ပါ သေးတယ်။