ရွှေဘိုမှာ လက်နက်ကြီးကြောင့် အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ၊ ၁၆
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၅ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
 
“ (ရွှေဘိုမြို့)တောင်ဘက်ပေါက်မှာ အထိုင်ချထားတဲ့တပ်က ဟိုဟာပေါ့ ၁၂၀ လို့ ယူဆရတဲ့ အမြှောက်ဆံနဲ့ ပစ်တယ် ” လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယင်းမာပင်ကျေးရွာက ဦးစိုးမြင့်ဝင်း ဆိုသူ သေဆုံးခဲ့သလို အောင်ချမ်းသာရွာက ဒေသခံအမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။
 
အင်အား တရာဝန်းကျင်ပါတဲဲ့ အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ရွှေဘို-မန္တလေး လမ်းအတိုင်း ခြေလျှင်စစ်ကြောင်းထိုးနေပြီး ဘုန်းဘွဲ့ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တာပါ။
 
အဲဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နှစ်ရက်ဆက်တိုက် မိုင်း ၁၄ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖက်က အထိခိုက်အကျဆုံး ရှိနိုင်တာကြောင့် အခုလို အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
 
ဒီကနေ့ မနက်အစောပိုင်းမှာ အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်သား အချို့ဟာ စိုင်နိုင်ကွေ့ရှိ စစ်တပ်အခြေစိုက်ခန်းကို ပြန်လည်ဝင်ရောက်သွားပေမယ့် စစ်သားအချို့ကတော့ ဒီကနေ့ နေ့လည်အချိန်ထိ ဘုန်းဘွဲ့ရွာမှာ ရှိနေသေးတာပါ။
 
ဘုန်းဘွဲ့ရွာက စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဒီနေ့မနက်ပိုင်းမှာ ထိတွေ့မှု ဖြစ်ခဲ့ပြီး နှစ်ဖက်အထိခိုက် အကျအဆုံးရှိခဲ့ကာ အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ဘုန်းဘွဲ့၊ စိုင်းနိုင်ကြီး၊ စိုင်းနိုင်လေး၊ ယင်းမာပင်ကျေးရွာ၊ အောင်ချမ်းသာ အပါအဝင်အနီးအနားကျေးရွာက ဒေသခံထောင်ချီ သုံးရက်ဆက်တိုက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
ဓာတ်ပုံ – Google