ခင်ဦးမှာ စစ်ကောင်စီတပ်က အရပ်သားတဦးကို ပစ်သတ်ခဲ့

အောက်တိုဘာ၊ ၁၆
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးနေပြီး အောက်တိုဘာလ ၁၅ ရက်က အရပ်သားတဦးကို ဖမ်းဆီးသတ််ဖြတ်ခဲ့ကာ ကျေးရွာတွင်း မိုင်းထောင်ခဲ့လို့ ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။
 
“ ဒေသခံတယောက်က ညောင်ပင်စုကျေးရွာမှာ မနေ့က စစ်ကြောင်းထွက်ပြီအထင်နဲ့ ရွာထဲဝင်တာ။ အဲက နောက်ချန်အင်အားနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
သေဆုံးခဲ့သူဟာ ညောင်ပင်စုကျေးရွာက အသက် ၄၅ နှစ် အရွယ်ရှိတဲ့ ကိုမင်းမင်းဆိုသူဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်၊ ဒီကနေ့ မနက်မှာ ဒေသခံတွေ ကျေးရွာထဲ ဝင်ရောက်ချိန် အလောင်းတွေ့ရှိခဲ့တာပါ။
 
အာဏာသိမ်းချိန်းကနေ ဒီနှစ်၊ အောက်တိုဘာလ ၁၃ ရက်အထိ စစ်တပ်လက်ချက်နဲ့ သေဆုံးသူပေါင်း ၄,၁၄၆ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
 
ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အားတရာကျော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကစပြီး ခင်ဦးနယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။
 
အဲဒီစစ်ကြောင်းဟာ အဲဒီနေ့မှာပဲ ညောင်ပင်စုကျေးရွာမှာ ညအိပ်တပ်စွဲပြီးနောက် ကျေးရွာမှ ထွက်သွားပြီအထင်နဲ့ ကိုမင်းမင်းဆိုသူဟာ ကျေးရွာထဲ ဆိုင်ကယ်နဲ့ ဝင်ရောက်ချိန် စစ်ကောင်စီတပ် နောက်ချန်အင်အားနဲ့တွေ့ကာ ရေဦး-ညောင်ပင်သာ ကားလမ်းဘေး အထက်တန်းကျောင်းအနီး ပစ်သတ်ခံခဲ့ရတာပါ။
 
သေဆုံးသူအလောင်းကို ဒီနေ့မနက် ဒေသခံတွေ ရွာထဲပြန်ဝင်ချိန် တွေ့ရှိခဲ့တာပါ။
 
ဒါ့အပြင် ရေဦး-ညောင်ပင်သာ ကားလမ်းဘေး မူးတိမ်ချောင်ကူး တံတားအဆင်း အနီးမှာ စစ်ကောင်စီတပ် ထောင်ခဲ့တဲ့ မိုင်းနင်းမိလို့ ဒေသခံအမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ခြေထောက်ဖြတ်ရမယ်လို့ ပြောတယ်ဗျ “ လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်ခဲယမ်းတွေကြောင့် ဒီနှစ်ခြောက်လတာအတွင်း ထိခိုက်သေဆုံးသူပေါင်း ၅၅၆ ဦးရှိပြီး စစ်ကိုင်းတိုင်းက လေးဆယ်ဦးပါဝင်တယ်လို့ ကုလသမဂ္ဂနိုင်ငံတကာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ ကျေးရွာအတွင်းကို ဒေသခံတွေ ရမ်းသန်းမဝင်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
 
ဒီကနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ သက်ပေးကျေးရွာကတဆင့် မူးသာ ကျေးရွာကို ဝင်ရောက်နေတာကြောင့် ရေဦး-ညောင်ပင်သာ ကားလမ်းအနီးတဝိုက်က မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာကုန်းနဲ့ အင်းပတ် စတဲ့ကျေးရွာက ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတာပါ။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး