မြန်မာလူထုကိုထိုးနှက်နေတဲ့ စားနပ်ရိက္ခာအကျပ်အတည်း

အောက်တိုဘာ၊ ၁၆
 
“ မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့သူ မရှိဘူး ”
 
မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ပဋိပက္ခလွတ်ကင်းရာဒေသတွေမှာ နေထိုင်ကြီးပြင်းခဲ့သူတိုင်း နားရည်ဝနေမယ့် ဆိုရိုးစကားတခု ဖြစ်ပါတယ်။
 
ခေတ်အဆက်ဆက် ဘေးဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြရတဲ့တိုင် ထမင်းငတ်လို့ သေရတဲ့သူတော့ မရှိဘူးရယ်လို့ ရှေးလူကြီးတွေ ဝင့်ကြွားခဲ့ကြရာကနေ ဆိုရိုးစကားတခုလိုပါ ဖြစ်လာတယ်လို့ ယူဆရပါတယ်။
 
လက်ရှိမျက်မှောက်ကာလမှာတော့ အဲဒီစကားကို တိုင်းရင်းသားတွေက ပြည်မလို့ ခေါ်တတ်ကြတဲ့ ဒေသမှာ နေထိုင်သူတွေတောင် မပြောရဲကြ၊ မပြောနိုင်ကြ၊ ပြောမထွက်ကြတော့ပါဘူး။
 
ကိုဗစ်လို တကမ္ဘာလုံးနည်းတူ ကြုံရတဲ့ကပ်ဘေးက အစပြုခဲ့တဲ့ မြန်မာတွေရဲ့ကျပ်တည်းမှုဟာ ၂၀၂၁ အာဏာသိမ်းမှုကြောင့် “ ကိုဗစ်ပြီးတော့ ကိုစစ် ” ရယ်လို့ ဆိုရိုးစကားအသစ် တိုးလာရပါတယ်။
 
“ လူတွေ ထမင်းမဝကြတော့ဘူး ” ဆိုတဲ့ စကားဟာလည်း ဒီကာလအတွင်း လက်မခံ ငြင်းဆန်းဝံ့သူ ခပ်ရှားရှားဖြစ်လာတဲ့ ခေတ်ကိုပုံဖော်တဲ့ လက်ကိုင်စကားတခု ဖြစ်လာပါတော့တယ်။
 
အာဏာသိမ်းပြီးနောက် အဖက်ဖက်က ပိတ်ဆို့မှုတွေ၊ အကြောက်တရားတွေ၊ အသက်လု ပြေးရတဲ့ စစ်မြေပြင်တွေကြား ဒေသအနှံ့က လူထုဟာ ထမင်းနပ်မမှန်တဲ့ နေ့တွေကို ဖြတ်သန်းလာကြရပါတယ်။
 
အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက “ အလုပ်လုပ်ရင်း ထမင်းငတ်နေကြတယ် ” လို့ ထုတ်ပြောလာသလို စစ်ဘေးရှောင်တွေဟာလည်း ထမင်းနပ်မမှန်တဲ့ နေ့တွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရတယ်။
 
ဒီကနေ့ သတင်းမီဒီယာတွေပေါ်က သတင်းတွေကို လေ့လာကြည့်ရင် “ ထမင်းနပ်မမှန်တော့ဘူး ” ဆိုတဲ့ သတင်းခေါင်းစဉ်မျိုးကို မကြာမကြာ တွေ့ကြရလိမ့်မယ်။ စစ်ရှောင်တွေ၊ မြို့ပြနဲ့ ကျေးလက်ဒေသတွေက လက်လုပ်လက်စားတွေဟာ အဲဒီသတင်းတွေရဲ့သတင်းရင်းမြစ်တွေအဖြစ် တွေ့ရပါလိမ့်မယ်။
 
တခါတတခါတော့ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ တောတွင်းနဲ့ ကျေးလက်ဒေသက လူသိနည်းတော်လှန်ရေးအဖွဲ့တချို့ကတောင် အဲဒီလိုထုတ်ပြောထားတာမျိုးတွေ တွေ့ရတတ်ပါသေးတယ်။
 
ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ ကုန်ဈေးနှုန်းကို ကာမိမယ့် လုပ်ခလစာ မရကြတာ၊ ပိတ်ဆို့ဖြတ်တောက်မှု ခံရတာ၊ ဆန်၊ ဆီလို အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းအပြင် ရာသီဥတုကြောင့် ထုတ်လုပ်နိုင်စွမ်းနဲ့ ဝယ်ယူတင်သွင်းနိုင်စွမ်း ကျဆင်းလာတာတွေ ဒီအခြေအနေတွေကို ဖြစ်လာစေတာပါ။
 
ဒီကြားထဲ သဘောဝဘေးအန္တရာယ်တွေ ဆက်တိုက်ဆိုသလို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း လူထုရဲ့အကျပ်အတည်းတွေကို ပိုပြီး အရောင်တင်ပေးနေပါတယ်။
 
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် လအနည်းငယ်အကြာကစလို့ ကုလအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက မြန်မာမှာ လူဦးရေ သန်းနဲ့ချီ အငတ်ဘေး ကြုံရနိုင်တယ်လို့ ကြိုတင်သတိပေးခဲ့ကြပါတယ်။
 
အဲဒီနောက် အာဏာသိမ်းကာလအတွင်း ထွက်ပေါ်လာတဲ့ နိုင်ငံတကာ စစ်တမ်းတချို့ကလည်း မြို့ပေါ်နေ အခြေခံလူတန်းစားတွေထဲ ထမင်းနပ်မှန်အောင် မစားရသူတွေ ရှိလာတဲ့အကြောင်း ဖော်ပြလာကြပါတယ်။
 
အခုနှစ် မေလမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့စစ်တမ်းတရပ်အရ မြန်မာနိုင်ငံက လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတွေရဲ့ ၄၈ ရာခိုင်နှုန်းလောက်ဟာ စားစရာ မလုံလောက်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြခဲ့တယ်။
 
အခုနှစ်ထဲမှာပဲ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့နောက်ထပ် အစီရင်ခံစာတခုမှာတော့ အခြေခံစားသောက်ကုန်တွေ အပါအဝင် ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ ငွေကြေး ဖောင်းပွတာနဲ့ ဝင်ငွေ လျော့ကျလာတာတွေကြောင့် လူထုရဲ့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း စားနပ်ရိက္ခာ မဖူလုံမှုနဲ့ အာဟာရချို့တဲ့မှု အခြေအနေ ပိုဆိုးလာတယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။
 
ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာကတည်းက ဒီအခြေအနေတွေကို ကြိုတင်သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက လူဦးရေ သုံးသန်းခွဲလောက် အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP က ၂၀၂၁ခုနှစ် ဧပြီလကုန်ပိုင်းမှာ သတိပေးခဲ့ပါတယ်။
 
ဒီကနေ့ နေ့စဉ်သတင်းတွေကို စောင့်ကြည့်ရင် စစ်ရှောင်တွေ ရိက္ခာပြတ်လပ်၊ စစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရသူတွေ ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်ဆိုတာမျိုးတွေ ဒေသအနှံ့ကနေ ခပ်စိပ်စိပ်ထွက်ပေါ်နေတာ တွေ့ကြရမှာပါ။
 
ဒါ့အပြင် စစ်ကောင်စီက မကြာသေးခင်ကမှ သတ်မှတ်ပေးလိုက်တဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်အရ အလုပ်သမားတွေဟာ တနေ့လုပ်ခလစာ ၅၈၀၀ ကျပ်ပဲ ရမှာဖြစ်ပါတယ်။
 
ဒါဟာ လက်ရှိပြင်ပပေါက်ဈေးတွေ အရဆိုရင် တဒေါ်လာခွဲလောက်ပဲ ရှိမယ့်နှုန်းထား ဖြစ်တာကြောင့် နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ ဒါ့အပြင် ပြည်တွင်းကုန်ဈေးနှုန်း အခြေအနေတွေအရ “ ဆန်တပြည်ဖိုးတောင် မရှိဘူး ” လို့လည်း အလုပ်သမားတွေ ညည်းညူနေကြရပါတယ်။
 
ကုလအဖွဲ့အစည်းတွေက ရန်ကုန်မြို့မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတရပ်အရ မြို့ပြနေ ပြည်သူတချို့ဟာ လွန်ခဲ့တဲ့ တနှစ်လောက်အတွင်း ဝင်ငွေမရှိဘဲ ရပ်တည်ခဲ့ကြရပြီး ထမင်းလျှော့စားရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
 
ရန်ကုန်မြို့ရဲ့ စုစုပေါင်းလူဦးရေရဲ့ လေးလုံတပုံလောက်နေထိုင်တဲ့ အဆင်းရဲဆုံးမြို့နယ် ရှစ်ခုက အခြေခံ လူတန်းစားတွေကို မေးမြန်းပြီး ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ အဲဒီလို ဖော်ပြတာဖြစ်ပါတယ်။
 
ဒီလိုအခြေအနေတွေ ကြုံတွေ့နေရသူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ မရဖို့ ဖြစ်နိုင်ချေနဲ့ ကလေးသူငယ်တွေကို ကျောင်းကနေ ထုတ်ပယ်ဖို့ အလားအလာဟာ တခြားသူတွေထက် ပိုများတယ်လို့ ဆိုပါတယ်။
 
မြန်မာပြည်သူတွေဟာ ကမ္ဘာ့ကပ်ရောဂါဘေး၊ အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်မက်ပဋိပက္ခတွေရဲ့သက်ရောက်မှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့နေရတဲ့နည်းတူ အယ်နီညိုလို သဘောဝဘေးအန္တရာယ်နဲ့ပါ တဆက်တည်း ကြုံတွေ့နေရပါသေးတယ်။
 
ဒေသအနှံ့မှာ သဘာဝဘေးက ဖိစီးနှိပ်စက်လာတဲ့အခါ မြန်မာတွေ အဓိကစားသုံးကြတဲ့ ဆန်စပါးကအစ ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာပါတော့တယ်။
 
ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကာလအတွင်းနဲ့ ပဲခူးရေကြီးမှုအတွင်း ရခိုင်နဲ့ ပဲခူးအပါအဝင် ဒေသတချို့မှာ ဆန်စပါးတွေ အပါအဝင် သီးနှံစိုက်ဧက သောင်းချီ ပျက်စီးခဲ့တယ်ဆိုတာမျိုးကိုကြည့်ရင် ဒီအချက်ကို တွက်ဆနိုင်တယ်။
 
အခုလောလောဆယ်ကိုပဲ စစ်ရှောင်တွေလည်း ရှိနေကြတဲ့ ကရင်နီ (ကယား)ပြည် အပါအဝင် ဒေသတချို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေကြသေးတယ်။
 
လူထုက ဒီလိုအခက်အခဲအကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာအကူအညီတွေဟာလည်း လိုအပ်သလောက် ပေးနိုင်သလောက် ပေးခွင့်၊ ယူခွင့် မရဘဲ ပိတ်ဆို့ခံနေရပါသေးတယ်။
 
ကိုဗစ်ကပ်ဘေးရိုက်ခတ်မှုကို ကြံ့ကြံ့ခံခဲ့အပြီး ပြန်ရုံးထမယ်လို့ အားတင်းခဲ့ကြပေမယ့် အာဏာသိမ်းမှုကပါ ထပ်ပြီး ထိုးနှက်ခဲ့တာကြောင့် လူထုဟာ အခုလို အလဲလဲအကွဲကွဲ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရပါတော့တယ်။
 
ဒီကနေ့ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာနေ့တွေထဲက ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)ဖြစ်ပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ ဆိုတဲ့ သတင်းမျိုးကို တွေ့ရ၊ ဖတ်ရကောင်း ဖတ်ရနိုင်ပါတယ်။
 
ဒါပေမယ့် ဟန်ပြသက်သက် အဲဒီအခမ်းအနားတွေ၊ ပြပွဲတွေဟာ လက်ရှိ လူထုရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းတွေကို ဘာတခုမှ ကူညီဖြေရှင်းပေးနိုင်ဖို့ မရှိတာတော့ သေချာနေကြောင်းပါ။