လှည်းကူးက ကျေးရွာတချို့မှာ ရေဆက်ကြီးနေလို့ ဒေသခံတွေ အကူအညီလိုအပ်နေ

အောက်တိုဘာ၊ ၁၅
 
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်အထိ ရေကြီးနေဆဲဖြစ်လို့ ဒေသခံထောင်ချီ အစားအသောက် အကူအညီ ဆက်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
 
” နှစ်ထပ်အိမ်အမြင့်တွေတောင်မှ ရေက အောက်ထပ်မှာဆို ဒူးခေါင်းကျော်တယ်၊ အိမ်အနိမ့်လေးတွေဆိုရင် ခါးကျော်သွားပြီ၊ ရေက မကျသွားဘဲ တက်တက်လာတာ၊ မြေနိမ့်တာလည်း ပါတာပေါ့ ” လို့ လှည်းကူးမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
လှည်းကူးမြို့အနောက်ဘက် ငမိုးရိပ်ချောင်းတလျှောက်မှာရှိတဲ့ ဂျုံးဂျုံးကျ၊ ရှမ်းရွာ၊ ဘိုးရင်ကလေး၊ လက်ပန်၊ မုဆိုးညောင်ပင်၊ မလစ်နဲ့ အဝိုင်း စတဲ့ရွာတွေဘက်မှာ ဒီရေတက်လာပြီး ချောင်းရေလျှံတာကြောင့် အခုလို ရေကြီးမှုတွေ ဖြစ်နေတာလို့ သိရပါတယ်။
 
” နှစ်ထပ်အိမ်တွေမှာဆိုရင်တော့ အိမ်ပေါ်မှာ တက်နေကြတယ်၊ တချို့ကလည်း ဘုန်းကြီးကျောင်းတွေမှာ သွားကပ်နေကြတာ၊ တချို့ကလည်း ပြောင်းစရာမရှိရင် ရေဝင်လည်း ဒီအတိုင်းပဲ ကြိတ်မှိတ်ပြီးနေကြတာပေါ့ ” လို့ ကူညီပေးနေသူ အမျိုးသားတဦးက ပြောပါတယ်။
 
အလားတူပဲ လှည်ကူးမြို့ အရှေ့မြောက်ဘက် အင်းတိုင်မြို့အနီးရှိ တလုတ်ကုန်း၊ ဝါးနက်ကုန်း၊ သနပ်ပြင် ရွာတွေဘက်မှာလည်း ရေကြီးမှုတွေ ဆက်ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။
 
အဲလို ရေကြီးနေတဲ့ ရွာတွေဘက်က ဒေသခံတွေကတော့ အစားအသောက်၊ သောက်သုံးရေအခက်အခဲ ဖြစ်နေကြပြီး လှုမှုကူညီရေးအဖွဲ့ဝင်တချို့က သွားရောက်ကူညီပေးနေတာလည်း ရှိပါတယ်။
 
” အဆက်သွယ်ရှိတဲ့ နေရာတွေဘက်တော့ လာလှူနေတာတွေ ရှိတယ်၊ ထမင်း ချက်ဖို့ပြုတ်ဖို့ကတော့ လျှပ်စစ်မီးက မရဘူး၊ မီးကလည်း မွှေလို့မရဘူး ဖြစ်နေတယ် ” လို့ အထက်ပါ ဂျုံးဂျုံးကျ ရွာခံအမျိုးသမီးက ပြောပါတယ်။
 
အဲဒီရွာတွေဘက်မှာ လျှပ်စစ်မီးပြတ်တောက်နေတာကတော့ တပတ်ကျော်ကြာပြီလို့ သိရပါတယ်။
 
” မီးမလာတာက အပြစ်တော့ ပြောလို့မရဘူး၊ ထရန်စဖော်မာတွေက ရေတဝက်လောက် မြုပ်နေတာတွေရှိတယ်၊ နောက်ပြီး ဘာလို့လဲတော့ မသိဘူး တချို့နေရာတွေမှာက ဖုန်းလိုင်းလည်း တော်တော်ပြတ်နေတယ် ” လို့ အထက်ပါ ကူညီပေးနေသူ အမျိုးသားက ပြောပါတယ်။
 
အဲဒီကျေးရွာတွေဘက်မှာ အရင်နှစ်တွေကလည်း ရေကြီးတာတွေ ဖြစ်ခဲ့ဖူးပေမယ့် အခုလိုတော့ အခြေအနေမဆိုးခဲ့ဘူးလို့ သိရပါတယ်။
 
လှည်းကူးမြို့နယ်ထဲမှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ ဒေသခံထောင်ချီဟာ အကူအညီ လိုအပ်နေဆဲဖြစ်ပါတယ်။
 
ဓာတ်ပုံ – Hlegu Information Centre