အောက်တိုဘာ ၊ ၁၄
တရုတ် အာဏာပိုင်တွေက မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုံလာသူ အများအပြားကို နှင်ထုတ်လိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံသား စုစုပေါင်း ၆၀၀ ဝန်းကျင်လောက်ထိ အရေအတွက်ဟာ တရုတ် အာဏာပိုင်တွေက အတင်းအကျပ် ဖိအားပေးပြီး နေရပ်ပြန်ပို့တာ ခံခဲ့ရကြောင်း လူ့အခွင့်အရေး အဖွဲ့တချို့က ထုတ်ပြန်ခဲ့တဲ့နောက် တောင်ကိုရီးယားက အခု သတင်းအချက်အလက်တွေကို ဖော်ပြလာတာ ဖြစ်ပါတယ်။
တရုတ်ကို ခိုလှုံရောက်ရှိနေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ နှင်ထုတ်ပြီး နေရပ် ပြန်ပို့ခံရတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်ဟန် ရှိတယ်လို့ တောင်ကိုရီးယားက ပြောပေမယ့် အရေအတွက် အတိအကျကိုတော့ ခန့်မှန်းလို့ မရသေးလို့ ဆိုပါတယ်။
ပြန်ပို့ခံရသူထဲမှာ အမျိုးသမီး အများစု ပါဝင်ပြီး နေရပ်ပြန်ရောက်ရင် ဖမ်းဆီးထောင်ချမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေအပြင် အဆိုးဆုံး အခြေအနေအဖြစ် အသက်အန္တရာယ်တောင် ထိခိုက် ခံရနိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ကြေညာထားပါတယ်။
တရုတ် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အခုသီတင်းပတ် အစောပိုင်းမှာ ရာနဲ့ချီ များပြားတဲ့ ပြည်ပြေးတွေကို ထရပ်ကားတွေပေါ်တင်ပြီး မြောက်ကိုရီးယားဖက်က အကျဉ်းစခန်းတွေဆီ ပြန်လည် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ လာရောက် တိမ်းရှောင်နေသူတွေကို ကိုယ်ပိုင် ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် နေရပ် ပြန်ပို့တာမျိုးဟာ ဘယ်အစိုးရရဲ့ သဘောထား လုပ်ဆောင်ချက်မှ မဖြစ်သင့်ကြောင်း၊ ဒီကိစ္စဟာ နိုင်ငံတကာ လက်ခံထားတဲ့ စံနှုန်းတွေကို ချိုးဖောက်ရာ ရောက်နေကြောင်း တောင်ကိုရီးယားရဲ့ ကိုရီးယား နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကူဗြောင်ဆမ်က ဆိုပါတယ်။
တရုတ်ကတော့ HRWနဲ့ တောင်ကိုရီးယားတို့ရဲ့ စွပ်စွဲချက်တွေအပေါ် လတ်တလော ဘာမှတ်ချက်ပေး တုံ့ပြန်တာမျိုးမှ မရှိသေးပါဘူး။
မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဲလိဇဘက်သ် ဆယ်လ်မန်က တရုတ် နယ်စပ်မှာ တရားမဝင် ဖြတ်သန်းဝင်ရောက်လို့ အဖမ်းခံရတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၂၀၀၀ ဝန်းကျင်လောက် ရှိကြောင်း ပြောပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယားက ပြည်ပြေးတွေကို ဒုက္ခသည် အနေနဲ့ အသိအမှတ် မပြုဘဲ စီးပွားရေးအရ ရွှေ့ပြောင်းလာသူတွေလို့သာ သတ်မှတ်ထားပါတယ်။ နိုင်ငံတကာ အစိုးရ တချို့က မေတ္တာရပ်ခံ ပန်ကြားတဲ့တိုင် တရုတ်ကတော့ လက်မခံဘဲ အဲဒီ ပြည်ပြေးတွေကို နေရပ် အတင်းအကျပ် ပြန်ပို့တဲ့ မူဝါဒမျိုးကို လက်ကိုင်ထား ကျင့်သုံးနေဆဲလို့ သိရပါတယ်။