ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလို့ ဒေသခံနှစ်ထောင်ကျော် တိမ်းရှောင်

အောက်တိုဘာ၊ ၁၃
 
မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက် မနေ့က မနက် ၃ နာရီလောက်မှာ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံ နှစ်ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” ဒီ မြင်းခြံဘက်က ဆိပ်ကမ်းဘက်ကနေလည်း ရေစကြို ရေလယ်ကျွန်းကို စစ်ကြောင်းထိုးတာ ရှိတယ်။ ရေစကြိုအနောက်ဘက်ကနေ မော်တော်တွေနဲ့ထိုးတာ ရှိတယ် ” လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ရေလယ်ကျွန်း၊ မီးလောင်ကျွန်း၊ ကျောက်ဖူး၊ မိဖုရား၊ ဖြုံဘူး၊ မြေတော်ရွာ၊ ငတရော်၊ ခြံယာ၊ ဆင်တဲနဲ့ ကျွန်းညို စတဲ့ကျေးရွာက ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
 
အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၁ ဒဿမ ၇ သန်းဝန်းကျင်မှာ မကွေးတိုင်းက (၂၁၈,၁၀၀)နှစ်သိန်းကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်ဟာ အင်အားနှစ်ဝန်းကျင်သုံးပြီး ရေလည်ကျွန်းကို စစ်ကြောင်းထိုးနေတာပါ။ တပ်သား အင်အားတရာကျော်ဟာဟာ အောက်တိုဘာ ၁၂ ရက်၊ မနက် ၃ နာရီခန့်မှာ ရေစကြိုမြို့၊ ဖော်တော်ဦး ဆိပ်ကမ်းကနေ စက်လှေနှစ်စီးနဲ့ ထွက်ခွာလာပြီး မိဘုရားရွာကနေ ရေလယ်ကျွန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာပါ။
 
ဒါ့အပြင် နောက်စစ်ကြောင်းတခုဟာ မြင်းခြံမြို့၊ ပတ္တာဆိပ်ကမ်းကနေ လက်နက်ကြီးနဲ့ ရေလယ်ကျွန်းကို ဝင်ရောက်သလို ရေစကြိုအနောက်ဘက်ခြမ်းက ကုန်းလမ်းကနေလည်း စစ်ကြောင်းတကြောင်း ဝင်ရောက်ခဲ့တာပါ။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ အောက်တိုဘာလ ၁၃ ရက်၊ ဒီကနေ့ မနက် ၈ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုလည်း စီးနင်းခံရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ ရဲဘော်တွေ ထိခိုက်တယ်တော့ မကြားဘူးဗျ။ စစ်ကောင်စီ ရေးသားထားသလို သူတို့စစ်ကြောင်းဝင်တုန်း ရှောင်ကြတိမ်းကြရင်း ပစ္စည်းတွေကျန်ခဲ့တဲ့ သဘောရှိတယ်ဗျ ” လို့ ရေစကြို ပကဖ တာဝန်ရှိသူက ပြောပါတယ်။
 
စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ရေလယ်ကျွန်း၊ ဘုန်းတော်ပြည့် ကျေးရွာ စာသင်ကျောင်း အတွင်းက လက်လုပ်သေနတ်အရှည် ၂၂ လက်၊ AD Van ကား တစီး၊ ထော်လာဂျီ တစီး၊ ရေစက် တလုံး၊ မီးစက် တလုံး၊ ဆန် နှစ်အိတ်၊ ဆေးမျိုးစုံ ဆာလာအိတ် တအိတ် နဲ့ တခြားဖောက်ခွဲရေးနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ရေးသားထားပါတယ်။
 
စစ်ကောင်စီတပ်က အခုလို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ရေသားထားတဲ့အပေါ် ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အတည်ပြုထားပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
 
အဲဒီလို စစ်ကောင်စီက ရေလယ်ကျွန်းဒေသကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က ည ၈ နာရီခွဲခန့်က ရေစကြိုမြို့မရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – ရေစကြိုလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ