AA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသူ သေဆုံးလို့ မိသားစုထံ အလောင်းပို့

အောက်တိုဘာ၊ ၁၃
 
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျွဲတဲကျေးရွာသားတဦးကို ရခိုင့်တပ်တော် (AA) ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားစဉ် ရိုက်နှက်မှုကြောင့် သေဆုံးတဲ့အတွက် ဒဏ်ရာတွေနဲ့ ရင်ခွဲထားတဲ့ အလောင်းကို အောက်တိုဘာလ ၁၁ ရက်၊ မနက်က လာပေးသွားတယ်လို့ မိသားစုနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
“ သူတို့ကတော့ လက်လွန်သွားတာလို့ ပြောသွားတယ်။ ဒါပေမယ့် တအားကြမ်းကြမ်းတမ်းတမ်း ရိုက်ပြီး နှိပ်စက်ထားသလိုပဲ ” လို့ ကိုအောင်နိုင်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
 
ကျောက်ဖြူမြို့ပေါ်က ဖိုင်ဘာစက်လှေ ထုတ်လုပ်တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင်ကို AA က သြဂုတ်လ ၂၅ ရက်က ဆိုင်ကယ်ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၄၅ ရက်ခန့်အကြာ အောက်တိုဘာလ ၁၀ ရက်မှာ သေဆုံးသွားခဲ့တာပါ။
 
ကိုအောင်နိုင်ရဲ့ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေ တွေ့ရပြီး အခုလို သေလောက်တဲ့အထိ တရားလက်လွှတ်ရိုက်နှက်မှုတွေ လုပ်နေမယ်ဆိုရင် ဒေသတွင်း ယုံကြည်မှု လျော့ကျသွားနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ ခိုးမှုကျူးလွန်ရင် ကျူးလွန်တဲ့အတိုင်း ဥပဒေအရ အပြစ်ပေးပေ့ါ။ အခုလို ရိုက်နှက်တာတွေက တရားလွန်တယ်လေ။ နောက်လည်း ဒီလိုဖြစ်မလား ကြောက်နေကြရတယ် ” လို့ ကျောက်ဖြူဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
 
ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတဦးကလည်း အဲဒီလိုမျိုး သံသယနဲ့ ဖမ်းဆီးထားသူတွေအပေါ် ရိုက်နှက်တာဟာ မတရားနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
 
AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ကိုအောင်နိုင်ဟာ ရဲစခန်းကနေ ထွက်ပြေးသွားခဲ့ပြီး အသာတကြည် အဖမ်းမခံတဲ့အတွက် ဖမ်းဆီးရိုက်နှက်ကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရကြောင်း ဝန်ခံထားပြီး အဲဒီရိုက်နှက်၊ စစ်ဆေးမှုမှာ ပါဝင်တဲ့ ရဲမှူးအပါအဝင် တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။
 
“ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ULA အာရက္ခပြည်သူ့အစိုးရ ရဲဌာနလက်ထဲမှာ သေသွားတာဖြစ်တဲ့အတွက် ဒီသေမှုသေခင်းနဲ့ ပက်သက်လို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” လို့ ဦးခိုင်သုခက AA နဲ့ နီးစပ်တဲ့ Arakan Princess Media ကနေတဆင့် ပြောထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း မြောက်ဦးမြို့က ဦးမောင်ကြီးလှဆိုသူဟာ AA ရဲ့ ဖမ်းဆီးစစ်ဆေးနေစဉ် ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပြီး ရောဂါအခံရှိတာရယ်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်တာရယ်တို့ကြောင့် သေဆုံးခဲ့ရတာလို့ AA က ပြောဆိုခဲ့ပါတယ်။
 
ရခိုင့်တပ်တော် AA တပ်ဖွဲ့ဟာ ထိန်းချုပ်နယ်မြေတွေမှာ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကနေ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ အခွန်အကောက်စတဲ့ အစိုးရလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တည်ဆောက်နေရာမှာ ရဲတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားတာ ရှိပါတယ်။
 
” ဒီလို မတရားနှိပ်စက်လို့ သေသွားရတဲ့အတွက် တရားမျှတမှု လိုချင်တယ်။ ထွက်ပြေးလို့တဲ့ ရက်ရက်စက်စက် ရိုက်လိုက်ကြတာ သေသွားရတယ်။ အဲလိုလုပ်တဲ့သူတွေ အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ် ” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media