ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်အကြီးအကဲ ဝန်ခံ

အောက်တိုဘာ၊ ၁၃

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ အလစ်အငိုက် ထိုးစစ်ဆင်မှုမှာ ပြည်သူတွေကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ဖို့ ပျက်ကွက်ခဲ့ကြောင်း အစ္စရေးစစ်တပ် အကြီးအကဲက ဝန်ခံခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF)ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ဟာဇီ ဟာလီဗီက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဂါဇာ ကမ်းမြှောင် ဒေသကနေ ဟားမားစ် တိုက်ခိုက်ရေးသမား ထောင်နဲ့ချီ ကျူးကျော် ဝင်ရောက်လာပြီး အစ္စရေး ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ IDFဟာ လုံလောက်တဲ့ ကာကွယ်နိုင်စွမ်းမျိုး မရှိခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က သတင်းထောက်တွေကို ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

အစ္စရေးရဲ့ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေကို ဟားမားစ်တွေက ဘာကြောင့် အဲဒီလောက် လွယ်လွယ်ကူကူ စိမ့်ဝင် ထိုးဖောက်နိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဟာလီဗီက ဆိုပါတယ်။

IDFဟာ အစ္စရေး နိုင်ငံနဲ့ အစ္စရေး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အဓိက တာဝန်ရှိကြောင်း၊ ဒါပေမဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ဂါဇာနဲ့ ထိစပ်နေတဲ့ နေရာတဝိုက်မှာ အဲဒီတာဝန်ကို IDFက မကျေပြွန်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်ကနေ သင်ခန်းစာ ယူရမှာ ဖြစ်သလို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း၊ လောလောဆယ်တော့ စစ်ပွဲကိုပဲ အာရုံစိုက်ထားကြောင်း ဟာလီဗီက ပြောကြားခဲ့ပါတယ်။

သူက ဟားမားစ် အကြမ်းဖက် စစ်သွေးကြွတွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံထားရသူတွေကို ကယ်ထုတ်နိုင်ဖို့လည်း အစ္စရေးက အစွမ်းကုန် အားထုတ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူတွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်လာနိုင်အောင် လုပ်နိုင်တာ မှန်သမျှကို မခြွင်းမချန် လုပ်ဆောင်သွားမယ်လို့ ဟာလီဗီက ဆိုပါတယ်။

ဟာလီဗီက အစ္စရေးရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟူရဲ့ လေသံအတိုင်းလိုက်ပြီး ဟားမားစ် အဖွဲ့သား တယောက်မကျန်ထိ သုတ်သင် ရှင်းလင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။

 IDFဟာ အစ္စရေးရဲ့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တွေ စုစည်းထားပြီး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးတို့ရဲ့ လက်အောက်ခံအဖြစ် စစ်ဘက်မှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က ဦးဆောင်ရတာ ဖြစ်ပါတယ်။

 

Ref: DW