အောက်တိုဘာ၊ ၁၂
အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပျက်ပြယ်သွားပြီမို့ စစ်ကောင်စီကလုပ်မယ့် NCA အထိမ်းအမှတ်နေ့ကို လုံးဝအသိအမှတ်မပြုဘဲ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက်သာ တော်လှန်သွားမယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အုပ်စုကွဲက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး အောက်တိုဘာလ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ALP ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ထည့်သွင်းပြောဆိုထားတာပါ။
“ အဲဒါနဲ့ ပက်သက်လို့ အခုချိန်မှာ NCA ပြန်လုပ်တယ်ဆိုတာကလည်း စကစ ကနေ နိုင်ငံတ ကာ အသိအမှတ်ပြုမှုတွေ လိုချင်လို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေပါတယ်ဆိုတာမျိုး ပြရုံသက်သက်ပါပဲ။ ဒါကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး ” လို့ ALP အထွေထွေအတွင်းရေးမှူး ဦးခိုင်ကျော်ခိုင်က DNA ကို ပြောပါတယ်။
ALP အဖွဲ့ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ရှစ်ဖွဲ့မှာ ပါဝင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ က NCA ထပ်မံရေးထိုးလို့ ဆယ်ဖွဲ့ရှိတာ ဖြစ်ပါတယ်။
အဲဒီလို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဆယ်ဖွဲ့ထဲက နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားတပ်မတော် (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကလည်း စစ်အာဏာသိမ်းယူမှုကြောင့် NCA လမ်းကြောင်း ရပ်တန့်သွားပြီလို့ ဒီကနေ့ ထုတ်ပြန်ထားပါသေးတယ်။
အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တို့မှာ ဥက္ကဌ ခိုင်ရဲခိုင်ဦးဆောင်တဲ့ ALP ရဲ့ အခြေစိုက် တပ်စခန်းတွေရှိပြီး အဲဒီဒေသတွေမှာ တော်လှန်နေကြတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဆောင်ရွက်နေတယ်လို့ ဦးခိုင်ကျော်ခိုင်က ဆိုပါတယ်။
NCA ရှစ်နှစ်မြောက်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရဖို့ ပြည်တွင်းအင်အားစုတွေကို သပ်လျှိုသွေးခွဲနေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ အဲဒီအပေါ် အသိအမှတ်မပြုဖို့ လိုသလို စစ်ရာဇာဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ကောင်စီကို အမြန်ဆုံးထိရောက်စွာ အရေးယူဖို့ လိုတယ်လို့လည်း ALP က ဆိုပါတယ်။
NCA မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့ ALP ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်ပြီး စစ်ကောင်စီအစည်းအဝေးတွေဆီ သွားတက်နေတဲ့ ဒေါ်စောမြရာဇာလင်း တို့အုပ်စုနဲ့ NCA အပါအဝင် အာဏာသိမ်းတာကို လက်မခံတဲ့ ဥက္ကဌ ဦးခိုင်ရဲခိုင် တို့အုပ်စုဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့ကြတာ ဖြစ်ပါတယ်။
အခုထုတ်ပြန်ပြောဆိုတဲ့ အဖွဲ့ဟာ ဦးခိုင်ရဲခိုင်တို့အုပ်စုက ဖြစ်ပါတယ်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့တော့ ALP ပါတီကို ကိုယ်စားပြုကာ စစ်ကောင်စီက ပြုလုပ်မယ့် NCA ရှစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်နိုင်ပြီး အဲဒီတက်ရောက်မှုဟာ ALP ပါတီနဲ့ တစုံတရာ သက်ဆိုင်မှု မရှိဘူးလို့လည်း ဦးခိုင်ကျော်ခိုင်က ပြောပါတယ်။
ALP ပါတီကနေ ခွဲထွက်ပြီး သူကိုယ်တိုင် ဥက္ကဌနေရာယူကာ အလုပ်အမှုဆောင်ကော်မတီဝင်အသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါ်စောမြရာဇာလင်းတို့အုပ်စုကတော့ ဦးရဲခိုင်ရဲခိုင်တို့အုပ်စုဟာ ALP နဲ့ မဆိုင်တော့ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ထားပါတယ်။
ALP ပါတီဟာ ၁၉၇၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဝါရင့်ရခိုင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တဖွဲ့ဖြစ်ပေမယ့် ရခိုင့်တပ်တော် (AA)ပေါ်လာပြီးနောက်ပိုင်းမှာတော့ လူထုထောက်ခံမှု တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – ALP