စစ်ကောင်စီတပ်ကို စွန့်လာတဲ့ တပ်ကြပ်ကြီးစာရေးနဲ့ ဇနီးကို PDF က ကျပ်ဆယ်သိန်းကျော် ဆုကြေးပေး

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်မဲ့ ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီးတဦးကို ကဝမြို့နယ် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆုကြေး ကျပ်ဆယ်သိန်းကျော် ပေးလိုက်ပြီး လုံခြုံတဲ့နေရာကို ပို့ပေးလိုက်တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲက မနေ့က ထုတ်ပြန်အသိပေးပါတယ်။
 
“ အခုတော့ လုံခြုံတဲ့နေရာ ရောက်သွားပါပြီ၊ သူတို့ဆန္ဒအရ သွားချင်တဲ့နေရာကို ပို့လိုက်တာပဲ ” လို့ ပဲခူးတိုင်း ပကဖ တာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။
 
ကဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီးစာရေးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကဝမြို့နယ်ပကဖကို ဆက်သွယ်လာပြီး CDM ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
 
အဲဒီနောက် သူတို့နှစ်ဦးရဲ့ ဆန္ဒအရ လွတ်မြောက်နယ်မြေ တနေရာကို ပို့ဆောင်ပေးခဲ့ပြီးမှသာ လုံခြုံရေးအရ သတင်းနောက်ကျထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် CDM ဝင်လာတဲ့ တပ်ကြပ်ကြီးစာရေး ဇနီးမောင်နှံအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ရင်ခွင် (People’s Embrace)အစီအစဉ်နဲ့ ချိတ်ဆက်ပြီး ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
 
လက်ရှိ ပဲခူးတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေအပါအဝင် မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ မကြာမကြာ ဖြစ်နေပြီး ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ ပဲခူးတိုင်းအတွင်းက ပဲခူးရိုးမအပါအဝင် စစ်တောင်းမြစ်ဝှမ်း ဒေသတွေကို စိုးမိုးနိုင်ဖို့ စစ်ဆင်းရေးတွေ ဖော်နေတယ်လို့ ပြောထားပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုများလာတယ်လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ PDF တွေဆီ ဝင်လာတာ နည်းပေမယ့် KNU KNLA ဘက်ကို တလ တလ ဝင်လာတဲ့သူတွေ၊ ကျွန်တော်တို့ဆီ ဆက်သွယ်လာတဲ့သူတွေ တိုင်းတခုမှာဆို တလကို သုံးလေးယောက်လောက်ရှိနိုင်တယ်၊ ဒါတောင် တချို့က သူတို့ဆန္ဒအရ မထုတ်ပြန်ခိုင်းတာလည်း ရှိတယ်၊ ဒီနှစ်ပိုင်းမှာ များလာတဲ့သဘောပါ ” လို့ သူကပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သား ၃၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ရှိပြီလို့ ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အခုနှစ် ဩဂုတ်လဆန်းကနေ စက်တင်ဘာ ၂၁ ရက်အထိ နှစ်လနီးပါးအတွင်း ပြည်သူ့ရင်ခွင် အစီအစဉ်နဲ့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ အရာရှိတွေနဲ့ တပ်သားတွေ စုစုပေါင်း ၅၂ ဦးအထိ ရှိပြီး ၁၄ ဦးက လက်နက်တွေ ပါလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက စက်တင်ဘာလကုန်ပိုင်းမှာ ပြောထားပါတယ်။
 
ဓာတ်ပုံ – Bago Region PDF