အောက်တိုဘာ၊ ၁၂
ပဲခူးတိုင်း၊ပဲခူးမြို့နယ် ဒေးစွန်ပါ သာ့သနာနယ်မြေအတွင်းက ရုပ်ပွားတော်တွေနဲ့ ဘာသာရေး အဆောက်အဦတွေကို KNU နဲ့ PDF တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
မှိုင်းဝေချန်နယ်က အဲဒီအကြောင်းအရာကို အောက်တိုဘာ ၅ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာ စတင်ဖြန့်ဝေခဲ့ပြီး တပတ်အတွင်း အဲဒီပို့စ်ကို Like ပြုလုပ်သူ ၃၈၈ ဦး၊ ကြည့်ရှုသူ ၃၆,၂၀၈ ဦး၊ Share ပြုလုပ်သူ ၁၀၂ ဦးထိရှိတာ တွေ့ရပါတယ်။
ဒီအကြောင်းအရာကိုပဲ စစ်တပ်ထောက်ခံတဲ့ Facebook Account ဖြစ်တဲ့ Yu Rii Zan အပါအဝင် တခြား Facebook စာမျက်နှာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆက်လက်ဖော်ပြနေကြပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာနေတာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ DNA Fact Check အဖွဲ့ကနေ စိစစ်လိုက်တဲ့အခါ KNU၊ PDF ပူးပေါင်းအဖွဲ့တွေက ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာနားမှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးခဲ့တယ်ဆိုတာ သတင်းအမှားဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။
စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်တခုပဲဖြစ်တဲ့ Myanmar Hard Talk ကနေ KNU နဲ့ PDF အဖွဲ့တွေ ဖျက်ဆီးသွားတယ်ဆိုတာ မမှန်ဘဲ မူလလုပ်ပိုင်ခွင့်ရ မြေပိုင်ရှင်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
စစ်တပ်ထောက်ခံတဲ့ မီဒီယာတခုဖြစ်တဲ့ NP News website page ကလည်း ဘုရားကြီးမြို့အနီးက သစ်တောမြေပေါ်မှာ ကျူးကျော်တည်ဆောက်ထားတဲ့ ဘာသာရေးအဆောက်အဦတွေနဲ့ စေတီတွေကို လက်ရှိလုပ်ပိုင်ခွင့်ရမြေရှင်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့သတင်းဌာနတွေဖြစ်တဲ့ Khit Thit ၊ Ayeyarwaddy Times ၊ မြေလတ်အသံ တို့ကလည်း ဒေးစွန်ပါနယ်မြေအတွင်းရှိ ဘာသာရေးအဆောက်အဦတွေကို သန်လျင်အခြေစိုက် စစ်ကောင်စီ ခလရ(၉၀)က ဗိုလ်ကြီးသန့်ဇင်ဦးက ဦးဆောင်ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို ဖျက်ဆီးခဲ့တဲ့ ဗိုလ်ကြီးသန့်ဇင်ဦးရဲ့ဇနီးနဲ့ကလေးဟာ ကော့မှူးမြို့နယ်၊ ဇလုပ်ကြီးရွာကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ခေတ်သစ်သတင်းဌာနကန ရေးသားထားတာကိုလည်း ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်။
ဒါ့အပြင် KNU အနေနဲ့ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို အလေးထားတာကြောင့် ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးဖို့ စည်းမျဥ်း၊ ဥပဒေ မရှိသလို ဒေးစွန်ပါ သာသနာ့နယ်မြေကိစ္စဟာလည်း သတင်းမှားသာ ဖြစ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောတဲ့အကြောင်း KIC သတင်းဌာနက ရေးသားထားတာကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ပဲခူးတိုင်းအခြေစိုက် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃၈၀၂) တာဝန်ရှိသူတဦးကို DNA က ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကိစ္စဟာ PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်တဲ့ သတင်းမှားသာ ဖြစ်တယ်လို့ ပြောပါတယ်။
“ ခုက ၈၈ မဟုတ်ဘူး ၂၀၂၃ ရောက်နေပြီ၊ စက္ကန့်မိနစ်ပိုင်းအတွင်း ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်တဲ့ခေတ်မှာ ဘာသာရေးမှိုင်းတိုက်လို့ မရတော့ဘူး၊ ပြည်သူတွေရဲ့ နိုင်ငံရေးအမျှော်အမြင် အသိစိတ်က သူတို့ (စကစ) ထက် အဆတရာမက အသိရှိတယ် ” လို့ အဲဒီ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာ ရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။