အောက်တိုဘာ ၊ ၁၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိကျိတ်ကျေးရွာအုပ်စုထဲက တချို့သောကျေးရွာတွေမှာ အရေပြားကူးစက်မှုရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KWO)က DNA ကိုပြောပါတယ်။
” သူကယားယံတာကနေစတာ။ ယားယံပြီးတော့မှကုတ်ရင်း ခြစ်ရင်းကနေပြီးတော့ အနာတွေ၊အဖုသေးသေးလေးတွေထွက်တယ်။ ပြီးတော့ တချို့ဆိုရင် အနာအကြီးကြီးထိဖြစ်ပြီးမှ ခွဲရတဲ့လူလည်းရှိတယ်’’ လို့ အဲဒီအဖွဲ့က လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်တာဝန်ခံ မအားမူကပြောပါတယ်။
အဲဒီလိုအရေပြားယားယံတဲ့ရောဂါစဖြစ်တာ ခြောက်လခန့်ကြာပြီဖြစ်ပြီး ဖယ်ခုံကနေ ရနာရီလောက်ခရီးရှိတဲ့ တိကျိတ်ကျေးရွာအုပ်စုထဲက ဖုံးဆိုး၊လယ်သူခေါင်၊ခေါင်သလူ စတဲ့ကျေးရွာတွေအပြင် အဲ့ဒီအနီးအနားကကျေးရွာ နှစ်ရွာ၊ သုံးရွာမှာလည်း စပြီးဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ကယန်းအမျိုးသမီးအစည်းအရုံးအနေနဲ့ လက်ရှိအဖြစ်များနေတဲ့ ဖုံးဆိုး၊လယ်သူခေါင်၊ခေါင်သလူ စတဲ့ကျေးရွာသုံးရွာကို သွားရောက်လေ့လာကြည့်တဲ့ အခါ လူဦးရေ ခုနှစ်ရာကျော်ဝန်းကျင်ရှိပြီး လူဦးရေရဲ့ လေးပုံတပုံဝန်းကျင်လောက်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
အရေးပြားကူးစက်ရောဂါဖြစ်ပွားနေတဲ့လူတွေဟာ လသားအရွယ်ကလေးငယ်တွေမှာအဖြစ်များပြီး လူကြီးတွေမှာလည်း ကူးစက်မှု ဖြစ်ပွားနေတာကို တွေ့ရှိရတဲ့အကြောင်းလည်း ဆက်ပြောပါတယ်။
‘’ကလေးတွေဆိုရင် လည်ပင်းတွေမှာပြင်လိုက်၊ပြင်လိုက်ထွက်ပြီးမှလည်ပင်းအရည်နဲ့ထိတဲ့ခါ အရည်ရွှဲပြီးတော့မှ ပြည်တည်တဲ့ပုံစံမျိုးလေးတွေထိပေါ့နော် ။ခြေထောက်တွေမှာလည်း အနာဆိုပြဲသွားတာမျိုးတွေရှိတယ်ပေါ့နော်” လို့ မအားမူက ဆိုပါတယ်။
တိကျိတ်ကျေးရွာအုပ်စုက ဒေသခံတွေဟာ မြို့နဲ့အလှမ်းဝေးတာ၊ မိုးတွင်းကြောင့် လမ်းပန်းဆက်ဆက်သွယ်ရေးအခက်အခဲများစွာကြောင့် တကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင်တွေလက်လှမ်းမမှီနိုင်ကြောင့် အခုလိုအရေပြားရောဂါကူးစက်မှုဖြစ်ပွားတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ဒီလိုအရေပြားယားယံရောဂါကို အရင်ကတည်းက ဖြစ်ပွားတာရှိခဲ့ဖူးပြီး တချို့သောဒေသခံတွေကတော့ ရာသီရောဂါတမျိုးလို့ပဲမှတ်ယူကြတယ်လို့ပြောနေကြတာလည်းရှိပါတယ်။
လက်ရှိမှာတော့ ယားနာပျောက်ဆေးတွေနဲ့ပဲကုသနေပြီး ဆေးဝါးတွေကလည်း ကုန်နေတဲ့အနေထားရှိနေပြီး အရေပြားနဲ့ပတ်သက်တဲ့ဆေးဝါးတွေ ကလေးငယ်တွေအတွက် သင့်တော်မယ့်ဆေးဝါးတွေလည်း လိုအပ်မှုရှိနေတယ်လို့လည်းသိရပါတယ်။
အဲဒီကျေးရွာတွေကို အရင်ကတော့ ကယန်းအမျိုးသမီးအဖွဲ့အစည်းအပြင် ကယန်းအမျိုးသားကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ကနေလည်း ကွင်းဆင်းကုသပေးတာရှိပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်းမာရေးစစ်ဆေးမှုမပေးနိုင်တာကြာပြီလို့ လည်း ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့အစည်းတွေ လက်လှမ်းမမှီနိုင်တဲ့ အခြေအနေလည်း ဖြစ်နေတယ်လို့သူကဆက်ပြောပါတယ်။
“သွားလာတာအဆင်ပြေတဲ့လူတွေဆိုရင်တော့ ဆေးခန်းအထိသွားကြတာရှိတယ်။ မသွားနိုင်တဲ့လူတွေ ဆိုရင်တော့ ဒီတိုင်းပဲနေကြတယ်။ တချို့ဆို အရက်ပြန်နဲ့ပဲ ဆေးလိုက်တယ် ခံနိုင်ရည်ရှိတဲ့လူဆိုရင်”လို့မအားမူက ပြောပါတယ်။
Photo-KWO