ရှမ်းမြောက်က လက်ဖက်စိုက်တောင်သူတွေ လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

အောက်တိုဘာ ၊ ၁၂

လက်ဖက်ကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လေ့ ရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ရှိ လက်ဖက်စိုက်တောင်သူတွေမှာ လက်တလော လက်ဖက်ခူးမယ့် လုပ်သား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ လက်ဖက် လုပ်ငန်းဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ဒေသအတွင်းရှိ လူငယ်၊ လူရွယ်တွေက တရုတ်၊ ထိုင်း၊ မလေးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြတာရယ်၊ လက်နက်ကိုင်ပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းက ရွှေ့ပြောင်းလုပ် သားတွေမလာရောက်နိုင်တဲ့အတွက် အခုလို လုပ်သားရှားပါးလာတယ်လို့ ဆိုကြပါတယ်။

“ လောလောဆယ် နောက်နှစ်လက်ဖက်ခူးမယ်သူတောင်ရှိမလားမသိဘူး’’ လို့ ပလောင်းလက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဒါရိုက်တာ ဦးကျော်သန်းက ပြောပါတယ်။

လက်ဖက်ကိုု တနှစ်ပတ်လုံးအတွက် ခူးဆွတ်ချိန်အဖြစ် သုံးကြိမ်ခွဲသတ်မှတ်လေ့ရှိပြီး မတ်လနောက်ဆုံးပတ်ကနေ မေလဆန်းအထိ ရွှေဖီလက်ဖက် ရာသီချိန်အဖြစ် သတ်မှတ်တာပါ။

 ဇွန်လနောက်ပိုင်းကစလို့ မိုးရာသီကို ခါးကန်လက်ဖက်ရာသီချိန်လို့ ခေါ်ဆိုပြီးတော့ မိုးရာသီနှောင်းပိုင်း ကနေဒီဇင်ဘာလလောက်အထိကို နှင်းသက် လက်ဖက်ချိန်အဖြစ် သတ်မှတ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

‘’လက်ဖက်တောင်သူတွေက လက်ဖက်ခြံပစ်ပြီး တခြားနိုင်ငံသွားနေတာများသွားပြီး အပြင်ကို နေ့စဉ်နဲ့အမျှကို ထွက်နေတာ လက်ရှိစိုက်ဧကကိုတောင် မခူးနိုင်ဘူး။ ခူးမယ်သူလည်းမရှိဘူး။ တွက်ချေမကိုက်တော့ ခြံကိုမလုပ်ချင်တော့ဘူးလေ ” လို့ ဦးကျော်သန်းကဆိုပါတယ်။

ဒါ့အပြင်  ရှမ်းပြည်နယ်အတွင်းက လက်ဖက်စိုက်ခင်းတွေကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးကလို ဒေသတွေ အလုပ်သမားတွေ လာရောက်လုပ်ကိုင်လေ့ရှိပေမယ် လက်နက်ကိုင်ပဋိပက္ခတွေကြောင့်  မလာနိုင်တော့ဘူးလို့ လက်ဖက်စိုက်ပျိုးသူတွေက ဆိုပါတယ်။

‘’ အဲတော့ အလုပ်သမားက သိပ်မရှိဘူး ။ကျနော်တို့ ဆီမှာလည်း လူကြီးတွေနဲ့ ကလေးတွေပဲ များနေတော့ အလုပ်လုပ်ဖို့ကျ အဆင်မပြေဘူးလေ အဲလိုတွေဖြစ်နေတာ’’လို့လက်ဖက်စိုက်ပျိုးတဲ့တောင်သူတဦးက ပြောပါတယ်။

နမ့်ဆန်က  ထွက်ရှိနေတဲ့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေဟာ အရည်အသွေးကောင်းလို့ ရန်ကုန်နဲ့ မန္တလေးလို့ မြို့ကြီးတွေက တဆင့် မြန်မာနိုင်ငံအနှံကို ဖြန့်ဖြူးရောင်းချနေတာရှိသလို အိမ်နီးချင်းနိုင်ငံတွေကိုလည်း တင်ပို့နေရတာပါ။

လက်ဖက်စိုက်ပျိုးသူတွေက လက်ဖက်ခူးသူတွေကို ပိသာချိန်နဲ့တွက်ချက်ပြီး ခူးခကို ရှင်းပေးတက်ပြီး တပိသာကို  ကျပ်တထောင်နှုန်း ပေးချေတက်သလို တရက်ကို လက်ဖက်ပိသာ ငါးပိသာကနေ ဆယ်ပိသာ အထိရတက်တယ်လို့ နမ့်ဆန်မြို့က လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူ တဦးက ပြောပါတယ်။

နမ့်ဆန်ဒေသမှာ လက်ဖက်ကို တောင်ကုန်းအလိုက်သာ စိုက်ပျိုးကြတဲ့အတွက် ခြံအကြီးအသေး အပေါ်ပဲမူတည်ပြီး လက်ဖက်ခူးသူတွေကို ငှားရမ်းလုပ်ကိုင်ကြရလေ့ရှိတယ်လို့ ဦးကျော်သန်း ကဆိုပါတယ်။

လက်ရှိ လက်ဖက်ရွက်စိမ်း တပိသာလျှင် လက်ဖက်အမျိုးအစားအလိုက် စျေးနှုန်းအနည်းအများ ကွာခြားတက်ပြီး အနည်းဆုံး (ကောင်းကလော တပိသာ) ကျပ် ရှစ်ရာ ကနေ အများဆုံး (ဇယန်း တပိသာ) ကျပ် ၂,၅၀၀ အထိ ရှိသလို လက်ဖက်အစို တပိသာကို ကျပ် ၂,၈၀၀ ဝန်းကျင်လောက် ပေါက်စျေးရှိတယ်လို့ ဦးကျော်သန်းက ဆိုပါတယ်။

အရင်နှစ်တွေက ဇယန်းလက်ဖက်တပိသာအမြင့်ဆုံးစျေးနှုန်း ၁,၃၀၀ ကျပ် ဒီနှစ်မှာ ၂,၅၀၀ ကျပ် အထိရပေမယ့် တက်နေတဲ့ အထွေထွေကုန်စျေးနှုန်းနဲ့ယှဉ်ရင်  တွက်ခြေမကိုက်ဘူးလို့လည်း ဆက်ပြောပါတယ်။

ဒါ့အပြင် လုပ်သားရှားပါးမှုကြောင့် လက်ဖက်စိုက်သူတွေဟာ လက်ဖက်ခူးရာသီမှာ ခူးနိုင်သလောက်ကိုသာ ခူးပြီးရောင်းချနေပြီး တချို့ကို လက်ဖက်အပင်ပေါ်မှာသာ စွန့်ပစ်ထားရသည့် အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

“   အခြားအလုပ်သမားလည်း ငှားစရာမရှိတော့ ကိုယ်နိုင်သလောက်ပဲ ခူးတယ်။ မနိုင်ရင်ခုတ်ပစ်၊ ဒါပဲရှိတယ် ” လို့ နမ့်ဆန်မြို့က လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူက ဆိုပါတယ်။

Photo-CJ