အာဖဂန်မှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် အင်အားပြင်းငလျင် ထပ်လှုပ်

အောက်တိုဘာ ၊ ၁၂

အာဖဂန် နစ္စတန် အနောက်ပိုင်းမှာ ရက်ပိုင်းအတွင်း အင်အားပြင်းထန်တဲ့ ဒုတိယမြောက် ငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်က ရစ်ချ်တာစကေး ၆.၃ အဆင့် ငလျင်ဟာ ဟီရတ်မြို့ရဲ့ မြောက်ဖက် ၂၈ ကီလိုမီတာလောက် အကွာကို ဗဟိုပြု လှုပ်ရှားသွားပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးတော့ ထိခိုက်ပျက်စီးမှုတွေကြောင့် ဒဏ်ရာရသူ ၁၀၀ လောက် ဆေးရုံ ရောက်ခဲ့ပါတယ်။

ဟီရတ်ဟာ အောက်တိုဘာ ၇ ရက်ကလည်း အလားတူ ပြင်းအား ရစ်ချ်တာစကေး ၆.၃ အဆင့် ငလျင်ကြီး တခု လှုပ်ခတ်မှုနဲ့ ကြုံရပြီး လူပေါင်း ထောင်နဲချီ သေဆုံးသလို ထိခိုက်ပျက်စီးမှု အများအပြား ကြုံတွေ့ခဲ့ပါတယ်။ ဒုတိယ ငလျင်ရဲ့ သက်ရောက်မှု အတိုင်းအတာကိုတော့ လောလောဆယ် တိတိကျကျ မသိရသေးပါဘူး။

ကုလသမဂ္ဂရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဆိုင်ရာ အေဂျင်စီဖြစ်တဲ့ ယူနီဆက်ဖ်က ဟီရတ်နဲ့ အနီးတဝိုက် မြို့ရွာတွေမှာ ငလျင်ကြောင့် သေဆုံးခဲ့သူတွေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကလေးတွေနဲ့ အမျိုးသမီးတွေလို့ ဆိုပါတယ်။

ဟီရတ်မြို့ တည်ရှိရာ ဟီရတ်ပြည်နယ်ရဲ့ အစိုးရ အဖွဲ့က ငလျင်တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး ဖုန်းလိုင်းနဲ့ ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်နေကြောင်း၊ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရိက္ခာ၊ စောင်၊ သောက်ရေနဲ့ တခြား အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဟီရတ်မှာ ငလျင်ဘေး ကြုံနေချိန်က အစ္စရေး-ဟားမားစ် စစ်ပွဲအပေါ် နိုင်ငံတကာ အာရုံ ကျရောက်နေချိန်နဲ့ တိုက်ဆိုင်နေသလို အာဖဂန်မှာ အုပ်စိုးနေတဲ့ တာလီဘန် အစိုးရကို နိုင်ငံအများစုက အဆက်အသွယ် ဖြတ်ထားတာကြောင့် လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းတွေက အတော်လေး အားနည်းနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဖဂန်ဟာ၊ အထူးသဖြင့် ဟင်ဒူကုရှ် တောင်တန်းနဲ့ ဆက်စပ်ရာ ဧရိယာတွေဟာ အင်အားပြင်း ငလျင်တွေ လှုပ်ခတ်မှုကို မကြာခဏ ကြုံရလေ့ ရှိပါတယ်။ အဲဒီ ဒေသဟာ ယူရေးရှားနဲ့ အိန္ဒိယ မြေအောက် ပြတ်ရွေ့ ကျောက်လွှာကြီးတွေ တည်ရှိတဲ့ နေရာတွေလို့ သိရပါတယ်။