အောက်တိုဘာ၊ ၁၁
စစ်ကောင်စီက မကြာသေးခင်က သတ်မှတ်လိုက်တဲ့ အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေစပါးအတွက် အခြေခံစပါးရည်ညွှန်းဈေးသတ်မှတ်ချက်ဟာ လက်ရှိ ပေါက်ဈေးထက် ထက်ဝက်ခန့် လျော့နည်းနေပြီး တောင်သူတွေအတွက် အဆင်မပြေဘူးလို့ မိုးစပါးစိုက်တောင်သူတွေက ပြောပါတယ်။
တောင်သူလယ် သမားအခွင့်အရေးအကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ အောက်တိုဘာလ ၁၀ ရက်မှာ အခြေခံစပါးရည်ညွှန်းဈေး စပါးတင်းတရာကို ကျပ် ၇၅၀,၀၀၀ သတ်မှတ်တယ်ကြေညာပေမယ့် လက်ရှိပေါက်စျေး ၁၅ သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
“ တောင်သူတွေ ဒီဈေးအတိုင်း ရောင်းရမယ်ဆိုရင် အမွှေးတောင် ကျန်မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ။ ဒီလိုကာလမှာ မဖြစ်နိုင်ဘူးလေ။” လို့ ပေါင်မြို့နယ်က မိုးစပါးဧက နှစ်ဆယ်ကျော်စိုက်ပျိုးထားတဲ့ တောင်သူ ဦးစိန်ထွန်းက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးစပါးနဲ့ ဒီနှစ်နွေစပါးကိုတော့ အခြေခံစပါးစျေး တင်းတရာကို ကျပ် ၆၃၀,၀၀၀ သတ်မှတ်ခဲ့တာဖြစ်တဲ့အတွက် အရင်နှစ်ကထက် ကျပ် ၁၂၀,၀၀၀ ပိုများလာပေမယ့် တောင်သူတွေအတွက် တော့ တွက်ခြေမကိုုက်ဘူးလို့ ဆိုကြပါတယ်။
ရောင်းချမယ့်စပါးဟာဆိုရင် အစိုဓါတ် ၁၄ ရာခိုင်နှုန်း အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရမှာဖြစ်တဲ့အပြင် တတင်းကို (၄၆)ပေါင်သတ် မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုသတ်မှတ်တာဟာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့် တင်ရေးဥပဒေပါပြဌာန်းချက်နဲ့ အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်ပေါ်စေရေးထုတ်ပြန်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဧည့်မထနဲ့ငစိန်ကို ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း၊ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းကနေ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းကနေသိန်းနှစ်ဆယ်၊ ဧရာမင်းနဲ့ ဧရာပဒေသာစပါးကို ကျပ် ၁၆ သိန်းကနေ ၁၈ သိန်းအတွင်းရောင်းဝယ်ကြဖို့ စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားပါသေးတယ်။
လက်ရှိ ဈေးကွက်မှာ ဆန်စျေးနှုန်းမြင့်တက်နေပြီး ပေါ်ဆန်းမွှေး စပါးတင်း တရာကို ငွေကျပ် ၂၇ သိန်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဂျပန် (ရွှေဝါထွန်း) တရာဆိုရင် ငွေကျပ် ၂၃ သိန်းဝန်းကျင်ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် အခုသတ်မှတ်ထားတဲ့ စပါးဈေးနှုန်းကလည်း စျေးကွက်ပေါက်ဈေး ၁၅ သိန်းဝန်းကျင်ခန့်ရှိနေတဲ့အတွက် သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းဈေးနဲ့ နှစ်ဆခန့်ကွာဟမှု ရှိနေတာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုကုန်ကျစရိတ်တွေကလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ရာမှာ ဒီနှစ်ထဲမှာ သွင်းအားစုကုန်ကျစရိတ်သုံးဆနီးပါးကြီးမြင့်လာတဲ့ဒဏ်ကို တောင်သူတွေ ပြင်း ပြင်းထန်ထန်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
မျိုးစေ့၊ ဓါတ်မြေဩဇာ၊ လုပ်သားစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်အားလုံးပေါင်းရင် စပါးတဧကကို ငွေကျပ် လေးသိန်းခွဲအထက်မှာ ကုန်ကျမှုရှိနေပြီး စပါးအထွက်နှုန်းကောင်းမွန်ပါက တဧကကို စပါးတင်းငါးဆယ်နဲ့ တင်းခြောက် ဆယ်ကြား ထွက်ရှိနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
ဒါ့ကြောင့် စပါးစိုက်တောင်သူတွေအနေနဲ့ တဧကကို စပါးတင်း ငါးဆယ်ထွက်ရင် ကျပ် လေးသိန်းဝန်းကျင်သာရရှိမှာဖြစ်တဲ့အတွက် စပါးတင်းတရာကို ကျပ် ၇၅၀,၀၀၀ သတ်မှတ်မှုကြောင့် အဆင်မပြေနိုင်ဘူးလို့လည်းဆိုကြပါတယ်။
“ အခုတော့ ငါးဆယ်ထွက်ဖို့မပြောနဲ့ ခုတောင် စပါးတွေ အကုန်ရေမြှပ်နေတာ၊ အပျက်အစီးတော့ ပြောမနေနဲ့တော့ တဧက သုံးဆယ် ၊လေးဆယ် ထွက်ဖို့တောင် အနိုင်နိုင်ပဲ” လို့ ဒီနှစ်အတွင်း စပါးခင်း ရေ သုံးကြိမ်မြှပ်ခဲ့တဲ့ ပေါင်မြို့နယ်မှ မိုးစပါးစိုက်တောင်သူ ဒေါ်ခင်ထွေးရီက ပြောပါတယ်။
ဒါပေမယ့်လည်း ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းထက် များရင် ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ယူရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်မှာ ရှိနေမယ်ဆိုရင် အခြေခံဈေးနှုန်း အတိုင်း ဝယ်ယူရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
‘’အခြေခံစပါးစျေးသတ်မှတ်တယ်ဆိုတာက ဒီစျေးအတိုင်း ရောင်းရ၊ ဝယ်ရမယ်ပြောတာမဟုတ်ဘူးဗျ။ အနိမ့်ဆုံးဒီစျေးသတ်မှတ်တယ်ပြောတာ။ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်သလိုပေါ့’’ လို့ ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ အငြိမ်းစားယူခဲ့တဲ့ စိုက်ပျိုးရေးအရာရှိတဦးက ပြောပါတယ်။
ဒါပေမယ့် အခုလို စပါးအခြေခံရည်ညွှန်စျေးထွက်လာပြီဆိုရင် စျေးကောင်းနေတဲ့ စပါး ကျသွားတာမျိုးဖြစ်တက်တဲ့အတွက် စျေးနှုန်းသတ်မှတ်တာကို တောင်သူကုန်ကျစရိတ်နဲ့ ပြင်ပပေါက်စျေးပေါ်မူတည်သတ်မှတ်ဖို့ တောင်သူတချို့က လိုလားကြပါတယ်။
“ပြင်ပပေါက်ဈေးနဲ့ လယ်သမားတွေရဲ့ ကုန်ကျစရိတ်အပေါ် အခြေခံပြီး နှစ်ဖက်စလုံးအဆင်ပြေမယ့် ဈေးနှုန်းတခုကို သတ်မှတ်လိုက်တာက ပိုအဆင်ပြေတယ် ။အခုလိုမျိုးကျတော့ ဘာထူး မှာလည်း ဘာမှမထူးဘူး” လို့ သထုံမြို့နယ်မှ မိုးစပါးစိုက်တောင်သူ ဦးလေးမြိုင်က ပြောပါတယ်။
လက်ရှိမှာလည်း မိုးစပါးရိတ်သိမ်းခါနီးကာလမှာ ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ဧက အများအပြားရေဝင်နစ်မြှပ်ပျက်စီးမှုတွေလည်း ဖြစ်ပွားနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ သွင်းအာစု ကုန်ကျစရိတ်ကြီးမြင့် တာနဲ့ နိုင်ငံတဝှမ်းမှာ စစ်ရေးပဋိပက္ခမငြိမ်သက်မှုတွေက ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ်မှာ အများကြီး သက်ရောက်မှု ရှိခဲ့ပါတယ်။
“လယ်သမားတွေ ဒီလောက်ခက်ခဲနေတာ၊ ပျက်စီးဆုံးရှုံးမှုများနေတာကို မကြည့်ပေး၊ မစဉ်းစားပေးဘဲနဲ့ သတ်မှတ်ချင်တဲ့ ဈေး တိုင်းသတ်မှတ်နေတာက တောင်သူတွေအတွက် ဘာများအကျိုးရှိမှာလဲ” လို့ ပေါင်မြို့နယ်မှ မိုးစပါးစိုက်တောင်သူဒေါ်ခင်ထွေးရီက ပြောပါတယ်။