ဟားမားစ်တွေ ကျူးကျော်ခဲ့တဲ့ ရွာမှာ ခေါင်းဖြတ်ခံထားရတာတွေ အပါအဝင် အစ္စရေး ကလေးငယ် လေးဆယ်ရဲ့ အလောင်းတွေတွေ့

အောက်တိုဘာ၊ ၁၁

ဟားမားစ် ပါလက်စတိုင်း ပြောက်ကျားတွေ ကျူးကျော် တိုက်ခိုက်ခဲ့ရာ ကျေးရွာတခုမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ ကလေးငယ် ရုပ်အလောင်းတွေ ဒါဇင်နဲ့ချီ ရှာတွေ့ခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြေညာပါတယ်။

အစ္စရေး ကာကွယ်ရေးတပ် (IDF)ရဲ့ စစ်သားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟားမားစ် တိုက်ခိုက်ရေးသမားတွေ အလစ်ဝင်ရောက် စီးနင်းမှုကို ခံခဲ့ရတဲ့ ကဖာအဇာ ကျေးရွာကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆေးရာမှာ ရက်ရက်စက်စက် အသတ်ခံထားရတဲ့ ကလေး ၄၀ ဝန်းကျင်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ တချို့ကလေးတွေဟာ ခေါင်းနဲ့ကိုယ် တခြားစီဖြစ်အောင် ခုတ်ဖြတ်ခြင်း ခံထားရပါတယ်။

ကလေးတွေနဲ့အတူ တခြား အသတ်ခံထားရတဲ့ အစ္စရေး နိုင်ငံသားတွေရဲ့ အလောင်းတွေကိုပါ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ စစ်ပွဲတခု မဟုတ်ကြောင်း၊ စစ်မြေပြင်ရဲ့ မြင်ကွင်းမဟုတ်ကြောင်း၊ ကလေးငယ်တွေ၊ မိခင်တွေ၊ ဖခင်တွေဟာ အိပ်ခန်းထဲမှာ၊ သူတို့ရဲ့ အိမ်ထဲမှာ အတုံးအရုံး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ဟားမားစ် အကြမ်းဖက်သမားတွေက သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြကြောင်း IDFရဲ့ ဗိုလ်မှူးချုပ် အီတိုင်း ဗီရူဗ်က ပြောပါတယ်။ ဒါဟာ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ဖြစ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အစ္စရေး စစ်တပ်ဟာ အလောင်းတွေကို ပြန်လည် သိမ်းဆည်း ထုပ်ပိုးပြီး ရွာထဲမှာ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မီဒီယာတွေကို ဝင်ရောက် သတင်းယူခွင့် ပြုခဲ့ပါတယ်။ ကဖာအဇာ ကျေးရွာဟာ ဂါဇာ နယ်စပ်နဲ့ မိုင်ဝက်လောက်သာ ကွာဝေးပါတယ်။

ရွာလမ်းတွေပေါ်မှာ ဟားမားစ် လက်ချက်နဲ့ အတုံးအရုံး သေဆုံးနေတဲ့ အလောင်းတွေ၊ မီးတင်ရှို့ ခံထားရတဲ့ ကားတွေနဲ့ အဆောက်အအုံတွေကို တွေ့နေရပြီး အနိဋ္ဌာရုံ အငွေ့အသက်တွေ ကြီးစိုးနေခဲ့တယ်လို့ i24News သတင်းဌာနရဲ့ သတင်းထောက် တဦးက ပြောပါတယ်။

IDFက အခုအခါ ဂါဇာနယ်စပ် စည်းရိုးနဲ့ ကပ်လျက် တည်ရှိတဲ့ အစ္စရေး မြို့ရွာ အားလုံးမှာ အကြမ်းဖက် စစ်သွေးကြွတွေကို ရှင်းလင်းပြီး လုံခြုံရေး ယူထားနိုင်ပြီလို့ အတည်ပြုပါတယ်။ ဒါပေမဲ့ ဟားမားစ် အကြမ်းဖက် စစ်သွေးကြွတွေက နယ်စပ်တဝိုက်မှာ လှုပ်ရှားနေဆဲ ဖြစ်တာကြောင့် IDFက အမြင့်ဆုံးအဆင့် တပ်လှန့်ထားပါတယ်။

အစ္စရေးဟာ ပိုင်နက်နယ်မြေတွေ ပြန်လည် ထိန်းချုပ်ရေးကို ပီပီပြင်ပြင် လုပ်ဆောင်နေသလို တဖက်မှာလည်း ဂါဇာကို လေကြောင်းကနေ တရစပ် ထိုးစစ်ဆင်ရင်း မြေပြင်မှာ စစ်အင်အား အလုံးအရင်း စုစည်းနေပါတယ်။ အစ္စရေး ကြည်းတပ်ဟာ မကြာခင် ရက်ပိုင်းအတွင်း ဂါဇာကို ထိုးဖောက်ပြီး ဟားမားစ်တွေကို ပြင်းပြင်းထန်ထန် စစ်ဆင် တိုက်ခိုက်လာမယ်လို့ ယုံကြည်ရပါတယ်။

 

Ref: Fox