ပဲခူးမြို့ပေါ်မှာ ရေစတင်လျော့ကျ၊ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာတွေ အကူအညီဆက်လိုနေသေး

အောက်တိုဘာ၊ ၁၁

ရေကြီးရေလျှံမှု ကြုံနေရတဲ့ ပဲခူးမြို့မှာ ဒီကနေ့ကစလို့ မြို့ပေါ် ရပ်ကွက်တချို့ ရေလျော့ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေလွှမ်းနေဆဲဖြစ်ပြီး ကူညီရေးလုပ်ငန်းတွေ လုပ်နေရဆဲပဲလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“ မြို့ပြင်နားကဆိုရင် လမ်းမဘေးနားက ရွာတွေဆိုရင် ဝင်ရတာလည်း ဝေးတယ်၊ အဲဒီဘက်က တော်တော်မြုပ်နေသေးတာ၊ ကြည့်လိုက်ရင် ပင်လယ်ပြင်လိုပါပဲ၊ နယ်မြေခံ ပရဟိတအဖွဲ့တွေမဟုတ်ရင် လမ်းအကြောင်းမသိဘူးလေ၊ အဲဒီလိုမျိုးလည်း ရှိတယ်၊ ခုဆို စားစရာတွေ သွားပို့တဲ့အဖွဲ့တွေကလည်း နည်းတယ် ” လို့ ကယ်ဆယ်ရေးအဖွဲ့တခုက တာဝန်ရှိသူက DNA ကိုပြောပါတယ်။
ပဲခူးမြို့တွင်းက အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာတွေဖြစ်တဲ့ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း စတဲ့ဘက်တွေမှာ ရေများနေဆဲဖြစ်ပြီး မြို့လယ်နေရာတွေအပါအဝင် မြို့ပေါ်ရပ်ကွက်တွေမှာတော့ သုံးပေ၊ လေးပေလောက်အထိ ရေပြန်လျော့ကျသွားတယ်လို့ နှလုံးလှမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ မြို့ပေါ်နားက နာရီစင်နားအနီးတဝိုက်ဆိုရင် မြေနိမ့်တဲ့နေရာ နှစ်ပေလောက်ကျန်သေးတယ်၊ အဲဒီမြို့ပေါ်အနားက ရပ်ကွက်ဆိုရင်တော့ အရင်ရေစကြီးတုန်းက ကိုးပေလောက်ရှိတဲ့နေရာက ငါးပေ၊ ခြောက်ပေလောက် ကျန်သေးတယ်၊ နေရာမတူကြဘူးပေါ့ ” လို့ သူကပြောပါတယ်။
တချို့နေရာတွေမှာတော့ တပေလောက်အထိပဲ ရေပြန်ကျသွားတာမျိုးလည်း ရှိတယ်လို့ အဲဒီလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဌာရဲ့ ဒီကနေ့မနက်အစောပိုင်း တိုင်းတာချက်တွေအရတော့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ မနေ့ကထက် ပေဝက်လောက် ကျဆင်းသွားပြီး စိုးရိမ်ရေမှတ်အထက် သုံးပေကျော်လောက်မှာ ဆက်ရှိနေသေးတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ဒီကနေ့ကနေ နောက်ထပ် ဆယ်ရက်အတွင်း ပဲခူးမြစ်ရေဟာ ခုနစ်ပေကနေ ရှစ်ပေလောက်အထိ ထပ်မံကျဆင်းသွားနိုင်တယ်လို့လည်း မိုးဇလဌာနက ဆက်လက်ထုတ်ပြန် အသိပေးထားပါတယ်။
လက်ရှိမှာတော့ ရေများနေဆဲ ကျေးရွာတွေဘက်ကို လူမှုကူညီရေးအသင်းအဖွဲ့တွေက အစားအစာနဲ့ သောက်သုံးရေတွေ ပို့ပေးနေကြပြီး မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေဘက်ကို သွားလာရေး အခက်အခဲကြောင့် အကူအညီရောက်ရှိမှု နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။
ပဲခူးမြို့အဝင်ဂိတ် အမှတ်(၁) ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းအထိ ရေအမြင့် နှစ်ပေလောက် ရှိနေသေးတာကြောင့် ကားကြီးတွေကို သွားလာခွင့်ပြုနေပေမယ့် စိတ်မချရသေးဘူးလို့ အဲဒီနေရာမှာ ရောက်ရှိနေတဲ့ လူမှုကူညီ ရေးအသင်းတွေက ပြောကြပါတယ်။
အဲဒီနေရာမှာ ရေကြီးရေလျှံမှုစတင်တဲ့ ရက်ကတည်းက ကုန်တင်ကားကြီးတွေ၊ လောင်စာဆီတင်ကားတွေ အပါအဝင် ကားစီးရေ ရာနဲ့ချီ ပိတ်မိနေတာလည်း ဖြစ်ပါတယ်။
“ ရေက ရှိနေသေးတယ်။ ဖြတ်မောင်းရင်းနဲ့ ကားစက်ရပ်သွားလို့ လမ်းပြင်တဲ့ ကားတွေနဲ့ ဆွဲနေရတာလည်း ရှိတယ်၊ လုံးဝတော့ safe မဖြစ်သေးဘူး၊ သွားတော့ သွားနေကြတာပဲ ” လို့ ဒေသခံပရဟိတအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုးသည်းထန်မှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ခဲ့ပြီးနောက် ပဲခူးမြို့နယ်တခုလုံးနီးပါးမှာ အောက်တိုဘာ ၈ ရက်ကစလို့ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
 
ဒီကနေ့အပါအဝင် လေးရက်ကြာမြင့်လာပြီဖြစ်တဲ့ ရေကြီးရေလျှံမှုဟာ နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
“ အခုတော့ မြို့မဈေးတို့ ပြန်ဖွင့်နေပြီ၊ ကျွန်မတောင် ခုလေးတင် ပြန်လာတာ၊ မြို့ထဲမှာ ကားဆိုင်ကယ်တွေ သွားလာ နေကြပါပြီ၊ ရေကြီးတုန်းက ပျက်စီးသွားတာတွေ မနည်းဘူး၊ ပြန်လည်ပြင်ဆင်ရအုန်းမှာ၊ ဒီတခေါက်ရေကြီးတာ တော်တော်ဆိုးရွားတယ်၊ ဒီလောက်ဖြစ်မယ်လို့ မထင်ထားတော့ ကြိုတင်ပြင်ဆင်မှုတွေလည်း မလုပ်ခဲ့ဘူးလေ ” လို့ ပဲခူးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဓာတ်ပုံ – Htin Kyaw
default
default

default

default
default