စစ်တပ်ဖမ်းသွားတဲ့ ထားဝယ်ဒေသခံ သုံးဦးထဲက တဦးရဲ့အလောင်း မြစ်ထဲပြန်တွေ့

အောက်တိုဘာ၊ ၁၁
 
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာကနေ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ရွာခံသုံးဦးထဲက တဦးရဲ့ ရုပ်အလောင်းကို အခုလ ၆ ရက်မှာ ထားဝယ်မြစ်ထဲက ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အလောင်းမှာက ဒဏ်ရာတွေတော့ များတယ်၊ ခြောက်ရက်မြောက်နေ့မှ ပြန်တွေ့တာဆိုတော့ ဘာဒဏ်ရာတွေမှန်းတော့ မသိဘူး ” လို့ မောင်မယ်ရှောင် ရွာခံတဦးက DNA ကို ပြောပါတယ်။
 
ရုပ်အလောင်းပြန်တွေ့ရသူဟာ အသက် ၃၃ နှစ်အရွယ်ဝန်းကျင် ကိုသားဂန်း ဆိုသူဖြစ်ပြီး ထားဝယ်မြို့နဲ့ ခုနစ်မိုင်လောက်အကွာ ညောင်ဇင်ရွာရဲ့ အနောက်ဘက် ထားဝယ်မြစ်ထဲက ပြန်တွေ့ခဲ့တာလို့ သိရပါတယ်။
 
ကိုသားဂန်းနဲ့အတူ တခြားရွာခံတွေဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် ကိုအပုကျူ၊ အသက် ၃၀ ဝန်းကျင် ကိုမျိုးဆွေ တို့ကို စစ်ကောင်စီတပ်က အခုလ ၁ ရက်မှာ ရွာထဲ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အသက်အန္တရာယ်ကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
 
သူတို့သုံးဦးလုံးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က မောင်မယ်ရှောင်ရွာအနီး ထားဝယ်အကျဥ်းထောင် ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာထဲ စစ်ကြောင်းထိုးလာတဲ့အချိန် ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။
 
“ သူတို့က အရပ်သားတွေချည်းပဲ၊ အစက ဥယျာဥ်ခြံလုပ်ကြတာ၊ စစ်ကြောင်းတွေထိုးတော့ အလုပ်လုပ်ရတာ အဆင်မပြေလို့ ရွာထဲမှာ လာနေကြတာ ” လို့ အထက်ပါရွာခံက ပြောပါတယ်။
 
ရုပ်အလောင်းပြန်တွေ့ရတဲ့ ကိုသားဂန်းရဲ့ ဇနီးဖြစ်သူဟာ ကလေးမွေးထားတာ ရက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးတယ်လို့လည်း သူကပြောပါတယ်။
 
သေဆုံးသူ ကိုသားဂန်းရဲ့ ရုပ်အလောင်းကိုတော့ နေအိမ်ပြန်လည် သယ်ယူလာတာ မရှိဘူးလို့ သိရပြီး ဘယ်လိုစီစဥ်ဆောင်ရွက်လိုက်တာလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
 
ဒေသခံတွေကတော့ အခုလို အလောင်းပြန်တွေ့တဲ့ ကိုသားဂန်းကို ဖမ်းသွားတဲ့နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်လိုက်တာလို့ ယူဆကြပါတယ်။
 
အလားတူပဲ ကိုသားဂန်း ရုပ်အလောင်းတွေ့တဲ့ ညောင်ဇင်ရွာအနီးက ရန်တောင်ရွာရဲ့ အနောက်ဘက် ထားဝယ်မြစ်ထဲမှာလည်း နောက်ထပ် ရုပ်အလောင်းတခု ရှိနေပြီး ဘယ်သူလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
 
ဓာတ်ပုံ – DNA
ပုံစာ – ထားဝယ်မြစ်အတွင်းတနေရာ။