စစ်ပွဲကာလအတွင်း အမေရိကန် ပေးပို့တဲ့ ခဲယမ်းမီးကျောက်တွေ အစ္စရေး ပထအသုတ် လက်ခံရရှိ

အောက်တိုဘာ၊ ၁၁

ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အမေရိကန်က ခဲယမ်းမီးကျောက်တွေ တင်ပို့လိုက်တဲ့ ပထမဆုံး လေယာဉ်ဟာ အစ္စရေးကို ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက အမေရိကန်ရဲ့ စစ်လက်နက်တွေ သယ်ဆောင်လာတဲ့ လေယာဉ်ဟာ အစ္စရေး တောင်ပိုင်းကို ချောချောမောမော ဆင်းသက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ် (IDF)က ထုတ်ပြန်ပါတယ်။ နီဗာတင်မ် လေတပ်စခန်းကို ညနေပိုင်းမှာ အမေရိကန်ဆီက လက်နက်တွေ ပထမဆုံးအသုတ် ရောက်ရှိလာတယ်လို့ IDFက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

အမေရိကန် အစိုးရက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ကျူးကျော်ခဲ့တဲ့ ဟားမားစ်တွေရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချထားသလို မဟာမိတ် အစ္စရေးအတွက် လိုအပ်သမျှ အကူအညီတွေ ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

အမေရိကန်ဆီက ပထမအသုတ် လက်ခံရရှိတဲ့ စစ်လက်နက်တွေရဲ့ အမျိုးအစားနဲ့ ပမာဏကိုတော့ IDFက မကြေညာပါဘူး။ အမေရိကန်နဲ့ အစ္စရေးတို့ကြား စစ်ရေးအရ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထိန်းသိမ်းထားတာဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး ကဏ္ဍတခု ဖြစ်တယ်လို့ အစ္စရေး အစိုးရက ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမားစ်တို့ကြား စစ်ပွဲတွေ စတင်လာပြီး ရက်ပိုင်းအတွင်း အစ္စရေး သမ္မတ ဘင်ယာမင် နေတန်ညာဟူက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သုံးကြိမ်ထက်မနည်း ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

နေတန်ညာဟူက ဒီစစ်ပွဲကို အစ္စရေးက စခဲ့တာ မဟုတ်ပေမယ့် အဆုံးသတ်ပေးဖို့ကိုတော့ အစ္စရေးက တာဝန်ယူသွားမယ်လို့လည်း တင်းတင်းမာမာ ပြောဆိုထားပါတယ်။

 

Ref: Time of Israel