ရေဖြူမှာ စစ်ကောင်စီဂိတ်ကို PDF တွေဝင်ရောက်တိုက်ခိုက်

အောက်တိုဘာ၊ ၁၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ရှိ ရပ်တော်မူ ဘုရားလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာလ ၄ ရက်၊ မနက် ၇ နာရီဝန်းကျင်ခန့်မှာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” ဝင်ပစ်တဲ့အချိန်မှာ ကားလမ်းမပေါ် တက်စစ်နေတဲ့ စကစ ခုနှစ်ကောင်ရှိနေတယ်ဗျ။ အဲ့အချိန်ပစ်ရတော့ လေးကောင် တစ်ခါတည်းလဲကျပြီး သိပ်မလှုပ်တော့ဘူး။ ကျန်တဲ့သုံးကောင်မှာ နှစ်ကောင်က ကျည်ထိပြီး ဆေးရုံရောက်မှ သေတာ ” လို့ ထားဝယ်ပြောက်ကျား-တော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
တိုက်ပွဲအချိန် ၁၅ မိနစ်ဝန်းကျင်ခန့် ကြာမြင့်ပြီး စစ်ကောင်စီတပ်ရဲ့ ‌ကျောက်ကညှာ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာကြောင့် ပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
 
” ၁၅မိနစ်အတွင်း ပြန်ဆုတ်ခဲ့တာ၊ တိတိကျကျဆိုရင် လက်နက်ကြီး နဘေးမှာလာကျတာနဲ့ ပြန်ဆုတ်လိုက်တာပေါ့ဗျာ။ ရဲဘော်တွေတော့ တယောက်မှ အထိခိုက်မရှိပါဘူးဗျ ” လို့ အဲဒီတာဝန်ခံက ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force – DGRF တပ်ခွဲ (၄)၊ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF၊ ထားဝယ်နဂါးတပ်ခွဲနဲ့ မဟာမိတ်တပ်ဖွဲ့ – YPPDF တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီလို အလစ်ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အခုလက်ရှိအချိန်မှာ ရေဖြူအနောက်ဖက်ကမ်း ပုဂေါဇွန်း နဲ့ သပြေဇွန်းရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိနေပြီး အင်အားအတိအကျကို အတည်ပြုနိုင်ရန်အတွက် DNA အနေဖြင့် စုံစမ်းစစ်ဆေးနေဆဲပါ။
 
ဓာတ်ပုံ – Dawei Guerrilla Revolution Force – DGRF