တရုတ်မှာ အလုပ်ရှာမရလို့ ပြန်လာသူတချို့ကို အာဏာပိုင်တွေ တရားမဝင်ငွေတောင်းခံ

အောက်တိုဘာ၊ ၁၀

တရုတ်နိုင်ငံထဲကို မူဆယ်နယ်စပ်ကနေတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လတ်မှတ် (TBP ကတ်)နဲ့ ဝင်သွားတဲ့ မြန်မာနိုင်ငံသားတချို့ အလုပ်ရှာမရလို့ ပြန်ထွက်လာတဲ့အချိန် မြန်မာဘက်ခြမ်း နယ်စပ်ဂိတ်တွေမှာ ငွေညှစ်ခံရတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံထဲ ခုနစ်ရက်သာ နေထိုင်ခွင့်ရှိတဲ့ TBP ကတ် ကိုင်ဆောင်သူတွေအနေနဲ့ ရက်လွန်နေထိုင်မိပြီး ပြန်ထွက်လာတဲ့အချိန် အခုလို ငွေညှစ်ခံနေရတာလို့ သိရပါတယ်။

” တရက်လွန်ရင် (တရုတ်ယွမ်ငွေ)တဆယ် (တယွမ်ကို ၄၆၀ ကျပ်ဝန်းကျင်)၊ ငါးရက်လွန်ရင် ဘယ်လောက်ပေး အဲလိုမျိုးတွေ တောင်းတာ၊ ပိုက်ဆံမပေးဘဲ ထွက်လို့ရသားနဲ့ မြန်မာ လဝက က တမင်သက်သက်လုပ်စားနေတာ ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသားတဦးက DNA ကို ပြောပါတယ်။

TBP ကတ်နဲ့ တရုတ်နိုင်ငံထဲ ဝင်သွားကြသူအများစုဟာ ရွှေလီ၊ မန်စီ၊ ကျယ်ဂေါင်စတဲ့ တရုတ်မြို့တွေမှာ အလုပ်အကိုင် ရှာဖွေကြတာဖြစ်ပြီး အလုပ်ရှာမရတာ၊ အလုပ်ပင်ပန်းလွန်းပေမယ့် လုပ်ခလစာနည်းတာတွေကြောင့် တချို့က ရက်လွန်နေထိုင်မိပြီးမှ မြန်မာဘက်ခြမ်း ပြန်ထွက်လာနေကြတာပါ။

အဲလို ပြန်ထွက်လာတဲ့သူတွေကို တရုတ်ဘက်ခြမ်း နယ်စပ်ဂိတ် တာဝန်ရှိသူတွေက ဖမ်းဆီးအရေးယူတာ၊ ဒဏ်ကြေးရိုက်တာတွေ လုပ်တာ မကြုံရဘဲ မြန်မာဘက်ခြမ်း ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်တို့က လဝက တာဝန်ရှိသူတွေကသာ ငွေကြေးတောင်းခံနေတာလို့ သိရပါတယ်။

” လုပ်ငန်းကိုင်ငန်း အဆင်မပြေ၊ စားစရာမရှိလို့ ကိုယ့်ဆီကိုယ်ပြန်၊ လမ်းစရိတ်ငှားပြီး ပြန်ပါတယ်ဆိုမှ သူတို့က အဲလိုလုပ်နေတာ ” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် ပိုက်ဆံပေးဖို့ အဆင်မပြေကြောင်း ပြောတဲ့သူတွေကို တရုတ်ပြည်ထဲ ပြန်ဝင်ခွင့်မရအောင် ပြည်ဝင်ခွင့်ပိတ်တာ၊ ဖမ်းဆီးအရေးယူတာတွေ လုပ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

လက်ရှိမှာတော့ ရက်လွန်နေထိုင်မိသူတွေအနေနဲ့ တရက်ကို အနည်းဆုံး တရုတ်ယွမ်ငွေ တဆယ် (မြန်မာငွေ ၄,၆၀၀ ဝန်းကျင်)နှုန်းနဲ့ ပေးရတာတွေရှိပြီး ရက်ကျော်တာ များသွားတဲ့သူတွေအနေနဲ့ကတော့ ပေးရတဲ့ငွေပမာဏ များတာကြောင့် အခက်တွေ့ကြရတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ရက်လွန်နေထိုင်မိတဲ့သူတွေအားလုံး အခုလို ငွေညှစ်ခံရတာ ရှိ၊ မရှိကိုတော့ အတိအကျ မသိရပါဘူး။

” ကျနော်တို့နယ်က ငါးယောက် ရက်လွန်ပြီး ပြန်ထွက်တာ ဗမာပြည်ဘက်ခြမ်းရောက်တော့ ဖုန်းဆက်လာတယ်၊ သူတို့ကို တယောက် တရာ (ယွမ်)(မြန်မာငွေ ၄၆,၀၀၀ ဝန်းကျင်)တောင်းနေတယ်ဆိုပြီး၊ သူတို့က ရှစ်ရက်လွန်တာ၊ အဲဒါ ကျနော်ဒီဘက်ကနေ ပိုက်ဆံ လှမ်းလွှဲပေးလိုက်ရသေးတယ် ” လို့ လက်ရှိ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် ရက်လွန်နေထိုင်မိပြီးမှ မြန်မာဘက်ခြမ်း ပြန်မထွက်ရဲတာကြောင့် လက်ရှိတရုတ်ဘက်မှာ သောင်တင်နေသူတချို့လည်း ရှိနေပြီး အဲဒီအခြေအနေကိုတော့ DNA အနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

” အခုတောင်းတာက ဥပဒေအတိုင်း တရားဝင်တောင်းနေတာမဟုတ်ဘူး၊ ဒီငွေတွေကလည်း နိုင်ငံတော်ဆီ ရောက်မှာမဟုတ်ဘူး ” လို့ ရွှေလီမြို့မှာ ပြီးခဲ့တဲ့ ငါးနှစ်ခန့်ကတည်းက အလုပ်လုပ်နေတဲ့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒါပေမယ့် မူဆယ်မြို့ခံတဦးကတော့ စစ်အာဏာသိမ်းမှု မဖြစ်ခင်ကလည်း အခုလို ရက်လွန်နေထိုင်တဲ့ သူတွေအနေနဲ့ နယ်စပ်ဂိတ်တွေမှာ ပိုက်ဆံပေးရတာတွေ ရှိတယ်လို့ ပြောပါတယ်။

” အရင်ကတော့ ခုနစ်ရက် ကျော်သွားရင် ဥပဒေချိုးဖောက်တယ် သုံးသပ်ပြီးတော့ တရုတ်ဘက်မှာ ငါးဆယ်၊ တရာ(ယွမ်ငွေ) ဒဏ်ကြေးဆောင်ရတာတွေ ရှိတယ်၊ မြန်မာဘက်မှာလည်း ပေးရတာတွေ ရှိတယ်၊ ဘယ်လို ဥပဒေတွေနဲ့ ဆောင်ရွက်လဲတော့ မသိဘူး ” လို့ သူကပြောပါတယ်။

တရုတ်အာဏာပိုင်တွေဘက်က ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကတည်းက ပိတ်ထားတဲ့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေ လူဝင်ထွက်သွားလာခွင့်ကို စက်တက်ဘာ ၄ ရက်ကနေ စတင်ခွင့်ပြုပေးထားပါတယ်။

အဲဒီလို ဝင်ထွက်သွားလာခွင့် ပြုပြီးချိန်ကနေ လက်ရှိအချိန်ထိ တလကျော်အတွင်း TBP ကတ်နဲ့ တရုတ်ဘက်ခြမ်း ဝင်သွားတဲ့ မြန်မာနိုင်ငံသား နှစ်သောင်းနီးပါး ရှိနေပြီလို့ သိရပါတယ်။

ဓာတ်ပုံ – Social Media
ပုံစာ – ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP)ကတ်လုပ်ဖို့အတွက် ရက်ချိန်းတုံကင်ရဖို့ စောင့်ဆိုင်းနေသူတချို့ကို မူဆယ်မှာ အခုလ ၇ ရက်က တွေ့ရစဉ်။