ကန့်ဘလူမှာ PDF တွေဝင်တိုက်လို့ စစ်ကောင်စီ လေကြောင်းပစ်ကူပါပေးရ

အောက်တိုဘာ၊ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ငှက်ပျောတိုင် ရွာသစ်ရွာ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက အောက်တိုဘာလ ၉ ရက် မနေ့က မနက် ၅ နာရီခန်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“ သူတို့ဖက်ကလည်း အထိခိုက်များတယ်။ ကျွန်တော်တို့ဖက်က နှစ်ယောက်ကျတယ်လို့ သိရတယ် “ လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ငှက်ပျောတိုင် ရွာသစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်ခဲ့ရာ ရှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF နှစ်ဦး ကျဆုံးခဲ့သလို ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။

သေဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးဟာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကဆိုတာ မသိရသေးဘဲ ဒဏ်ရာရရဲဘော်တွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ပေးနေတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကလည်း အထိအခိုက်အကျဆုံး များခဲ့တဲ့အတွက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နဲ့ သုံးကြိမ်ပစ်ကူပေးခဲ့တယ်လို့ သိရတယ်။

“ သုံးကြိမ်တောင်လာပစ်တာဆိုတော့ သူတို့ဖက် တော်တော်ကျတယ်ပြောရမယ်။ ဒေသခံတွေက စစ်ရှောင်ထားတော့ အထိခိုက်မရှိဘူး ” လို့ ဒေသခံအမျိုးသားက ဆက်ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မြေပြင်ကနေလည်း အင်အားတရာကျော် စစ်ကူရောက်လာခဲ့တဲ့အတွက် တော်လှန်ရေးအင်အားစုတွေဟာ မနေ့က နေ့လယ် ၁ နာရီလောက်မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို နောက်ထပ် အင်အားထပ်တိုးထားတယ်လို့ အဲဒီဒေသခံအမျိုးသားက ပြောပါတယ်။

ငှက်ပျောတိုင်ရွာသစ်ရွာ လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ကန့်ဘလူမြို့နယ်ကို သာမဟုတ်ပဲ တန့်ဆည်မြို့ကိုပါ လျှပ်စစ်မီးဖြန့်ပေးနေတာဖြစ်ပြီး စစ်ကောင်စီတပ် ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကစပြီး လျှပ်စစ်မီးဖြတ်တောက်ထားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်။

ဓာတ်ပုံ – Social Media