အောက်တိုဘာ၊ ၁၀
ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာ ကမ်းမြှောင်ဒေသကို ဘက်ပေါင်းစုံကနေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားမယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဟားမားစ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်း မြို့ရွာတွေမှာ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း အစ္စရေး အစိုးရက ကြေညာပါတယ်။ ဟားမားစ်တွေဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း လက်နက်ကိုင် အင်အားစု ဖြစ်ပါတယ်။
အစ္စရေးက ဟားမားစ်ကို တုံ့ပြန် စစ်ကြေညာခဲ့တဲ့နောက် ဂါဇာမှာရှိတဲ့ ဟားမားစ် စစ်စခန်းတွေကို လေကြောင်းကနေ အပြင်းအထန် တုံ့ပြန် တိုက်ခိုက်ခဲ့သလို ဒေသကြီး တခုလုံးကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားမယ်လို့ ကြေညာခဲ့ပါတယ်။
အစ္စရေးက ဂါဇာမှာ လျှပ်စစ်မီး၊ ရိက္ခာ၊ လောင်စာဆီနဲ့ သောက်ရေတွေကအစ အားလုံးကို ဖြတ်တောက်ထားမယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်က ဟားမားစ်တွေကို ထိခိုက် အားလျော့သွားစေမှာ မှန်ပေမယ့် ဂါဇာဒေသခံ ပြည်သူ ၂.၃ သန်းလောက်ရဲ့ နောင်ရေးအတွက်လည်း စိတ်ပူစရာ ဖြစ်လာစေပါတယ်။ ဂါဇာလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေအပေါ် မှီခို ရပ်တည်နေရတာပါ။
အစ္စရေးဟာ ဟားမားစ်တွေနဲ့ စစ်မဖြစ်ခင် ကတည်းက ဂါဇာ ကမ်းမြှောင်ဒေသရဲ့ လေကြောင်း ပျံသန်းမှုနဲ့ ကမ်းရိုးတန်း ဒေသတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ပိတ်ဆိုးထားပြီးသားပါ။ ဒါ့အပြင် အီဂျစ်နိုင်ငံကလည်း ဂါဇာဒေသရဲ့ အဝင်အထွက်တွေကို အထူးဂရုစိုက် ကြပ်မတ်လေ့ ရှိပါတယ်။
အခုတော့ အစ္စရေးဟာ ဂါဇာကို ဝင်ရောက်မယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အပါအဝင် ပြည်သူတွေအတွက် အရေးတကြီး လိုအပ်မယ့် အသုံးအဆောင်တွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေ အားလုံးကို ပိတ်ပင်ထားလိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ်က အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း ကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေ ၇ ခုထက်မနည်း တိုက်ခိုက်ခံရပြီး အစ္စရေးရော၊ ပါလက်စတိုင်းမှာပါ ကျန်းမာရေး ဝန်ထမ်းတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ ဂါဇာမှာ အင်တာနက်နဲ့ လျှပ်စစ်မီးပါ ပြတ်တောက်သွားပြီး မကြာခင် စားနပ်ရိက္ခာနဲ့ သောက်ရေတွေပါ ကုန်ခန်းမယ့် အခြေအနေနဲ့ ဂါဇာ ဒေသခံ ပါလက်စတိုင်း အများစု ကြုံနေရပါတယ်။
အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ရေအရင်းအမြစ်နဲ့ ရေသန့်စင်မှု အခြေခံ အဆောက်အအုံတွေပါ ပျက်စီးကုန်တယ်လို့ ဂါဇာ ဒေသခံတွေက ဆိုပါတယ်။
လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် ဝေဖန်စရာတွေ ရှိပေမယ့် အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ် ဂယ်လန့်က ဂါဇာကို လျှပ်စစ်မီး၊ ရိက္ခာနဲ့ သောက်ရေ အားလုံး ဖြတ်တောက်မှာဖြစ်ကြောင်း၊ အစ္စရေးဟာ တိရစ္ဆာန်တွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေရတာ ဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တင်းတင်းမာမာ သဘောထား မှတ်ချက် ပေးသွားပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာက ကျောင်းတွေထဲမှာ စစ်ဘေးရှောင်နေတဲ့ ပါလက်စတိုင်းပြည်သူ ၇၃၀၀၀ ကျော်လောက် ရှိနေတယ်လို့လည်း သိရပါတယ်။
Ref: BBC