စစ်တပ်က လိုင်ဇာအနီးရှိ စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် လူသုံးဆယ်နီးပါး သေဆုံး

အောက်တိုဘာ၊ ၁၀
 
KIO ဌာနချူပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်။ အခုလက်နက်ကြီး ကျတဲ့နေရာက နက်လွန်းကျယ်လွန်းတော့ သေဆုံးမှု လူဦးရေ မငြိမ်သေးဘူး။ အခုထိ ရှာဖွေနေတုန်း ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အဲဒီတိုက်ခိုက်မှုကြောင့် သေသွားတဲ့အလောင်း ၂၉ လောင်း တွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၆ ယောက်အနက် ၄၄ ယောက်ကို ဆေးဝါးကုသမှု ပေးနေရတယ်လို့ KIA ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အဲဒီသေဆုံးမှုဖြစ်စဉ်မှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ပါဝင်ပေမယ့် တိတိကျကျ ခွဲခြားလို့ မရသေးကြောင်းနဲ့ စစ်ကောင်စီက ဒရုန်းကို အသုံးပြုပြီး တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ထားပါသေးတယ်။
 
အခုစစ်ကောင်စီတပ်က ပစ်ခတ်လို့ လက်နက်ကြီး ကျရောက်ခဲ့တဲ့ မုန်လိုင်ခက်ရွာက နှစ်ပေါင်း လေးဆယ်ကျော် သက်တမ်းရှိတဲ့ ရွာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ထွက်ပေါက်ကို သွားတဲ့ရွာလည်း ဖြစ်ပါတယ်။
 
အဲဒီရွာမှာ လက်ရှိအချိန်မှာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ တကျော့ပြန်စစ်ပွဲ စတင်ချိန်က စစ်ရှောင်တွေနဲ့ ဒီနှစ်ဇူလိုင်လအတွင်းက နမ်ဆန်ယာန်၊ လဂျားယာန်မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ နေထိုင်တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့နေရာမှာ KIA စစ်တပ်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ နှစ်မိုင်ကျော်၊ သုံးမိုင်ကွာဝေးတဲ့နေရာဖြစ်ပြီး စစ်ရှောင်တွေနဲ့ ဒေသခံတွေ ပြွတ်သိပ် နေထိုင်တဲ့ နေရာဖြစ်တယ်လို့ ဆိုကြပါတယ်။
 
“ ဗုံးကြဲချိန်ဟာ လူတွေအိပ်ပျော်နေတဲ့ ညသန်းခေါင်အချိန်ဖြစ်တယ်။ နို့စို့ကလေး သားအမိ၊ သက်ကြီးရွယ်အိုကအစ အားလုံးအိပ်ပျော်ချိန်မှာ အစုလိုက်အပြုံလိုက် သေဆုံးရတယ်။ အများအပြား ဒါဏ်ရာရသွားကြတယ် “ လို့ ဒေသခံတဦးက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ဖားကန့်မြို့ အနန့်ပါရွာကို စစ်ကောင်စီတပ်က အခုလိုပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် KIA တပ်မဟာ(၉) တပ်မဟာမှူးတဦးအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံ ခြောက်ဆယ်ကျော် သေဆုံးခဲ့ပါသေးတယ်။
 
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နှစ်နှစ်ခွဲအတွင်း ထိခိုက်သေဆုံးသူ ၂၀၈ ဦးရှိပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရသူ ၂၅၄ ဦး ရှိခဲ့တယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
 
အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ ဧပြီအထိ ၁၅ လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၁၇ ဦးရှိပြီး ၂၀၂၂ ခုနှစ် မေလကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ ၁၅ လအတွင်းမှာတော့ ၁၉၁ ဦးအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Social Media