သတင်းတင်ဆက်နေသူ အမျိုးသမီးရဲ့ တင်ပါးကို သွားကိုင်တဲ့ စပိန်အမျိုးသား အဖမ်းခံရ

စက်တင်ဘာ၊ ၁၅

တိုက်ရိုက် သတင်းတင်ဆက်နေတဲ့ အမျိုးသမီးကို ကင်မရာရှေ့မှာတင် မဖွယ်မရာ သွားကိုင်ခဲ့တဲ့ စပိန် အမျိုးသားတဦးဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အဖမ်းခံလိုက်ရပါတယ်။

မက်ဒရစ် မြို့တော်မှာ စပိန် အမျိုးသမီး သတင်းတင်ဆက်သူ အိုင်ဆာ ဘာလာဒိုက ဓားပြမှု တခုနဲ့ ပတ်သက်လို့ တိုက်ရိုက် သတင်းတင်ဆက်နေချိန် အဲဒီ လမ်းသွားလမ်းလာ အမျိုးသားရဲ့ နှောင့်ယှက်မှုကို ကြုံခဲ့တာပါ။ Cuatro ရုပ်မြင်သံကြား Channelအတွက် အလုပ်လုပ်နေတဲ့ ဘာလာဒိုက ဓားပြမှုအကြောင်း တိုက်ရိုက် ပြောပြနေတဲ့အချိန် နောက်ဖက်ကနေ ချဉ်းကပ်လာတဲ့ သူစိမ်း အမျိုးသားက သူ့ကို နှုတ်ဆက်သလိုနဲ့ တင်ပါးကို ထိကိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဘာလာဒိုက အဲဒီ အမျိုးသားကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ပြီး သတင်းဆက်ပြောဖို့ အာရုံစိုက်နေချိန် သူနဲ့ တိုက်ရိုက် စကားပြောနေတဲ့ ရုံးထိုင် အစီအစဉ်မှူး နာချို အက်ဘ်ဒက်က ဘာလာဒိုဟာ တင်ပါးကို အထိအကိုင် ခံခဲ့ရသလားလို့ လှမ်းမေးပါတယ်။ အမျိုးသမီးက အတည်ပြုတဲ့အခါ အက်ဘ်ဒက်က အမျိုးသားရဲ့ မျက်နှာကို သေချာ မှတ်တမ်းတင်ထားဖို့ ကင်မရာသမားကို လှမ်းပြောပါတယ်။

ဘာလာဒိုက နှင်ထုတ်လိုက်တဲ့နောက် အမျိုးသားဟာ ကင်မရာ မြင်ကွင်းကနေ ထွက်ခွာသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မက်ဒရစ် ရဲတပ်ဖွဲ့က သူ့ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကြောင်း မသင်္ကာမှုနဲ့ ရှာဖွေ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သံသယရှိသူ အမျိုးသားရဲ့ နာမည်ကိုတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။ အမျိုးသားဟာ နောက်ပိုင်းမှာ ဘာလာဒိုဆီ တကြိမ် ထပ်ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပြီး သတင်းတင်ဆက်သူ အမျိုးသမီးက တိုက်ရိုက် ထုတ်လွှင့်နေမှုကို ရပ်လိုက်ဖို့ အချက်ပြခဲ့ရပါတယ်။ အမျိုးသားဟာ ဘာလာဒိုကို လာရောက် မိတ်ဖွဲ့ ရောနှောသလို ပုံစံမျိုးနဲ့ သိသိသာသာ အနှောင့်အယှက် ပေးနေတာ မြင်သာခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာလာဒိုက တော်တော်လေး မနှစ်မြို့စရာ အတွေ့အကြုံလို့ မှတ်ချက်ပေးခဲ့ပြီး အထူးသဖြင့် အလုပ်ချိန်မှာ ဒါမျိုးကြုံရတာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ပြောပါတယ်။ ပြီးတော့ ကင်မရာက လမ်းတဖက်မှာ တခြားသူ တဦးနဲ့အတူ ရပ်နေတဲ့ နေကာမျက်မှန်တပ်ပြီး အနက်ရောင်ဂျာကင် ဝတ်ထားသူ အမျိုးသားကို ချိန်ရွယ် ပြသခဲ့ပါတယ်။

အခုဖြစ်စဉ်ဟာ စပိန်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက် တခုအပေါ် စိတ်ဝင်တစား ဝေဖန်ငြင်းခုံမှုတွေ မြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီဖြစ်စဉ်ကတော့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့တဲ့ စပိန် အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဂျနီဖာ ဟာမိုဆိုကို စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ် ရူဘီရာလက်စ်က ဆုပေးပွဲမှာ နမ်းခဲ့တဲ့အပေါ် ကာယကံရှင် အမျိုးသမီးက မကျေမနပ် ဝေဖန်ရာက အစပြုခဲ့ပါတယ်။ ဟာမိုဆိုက သူ့နှုတ်ခမ်းကို ရူဘီရာလက်စ်က နမ်းရှုပ်ခဲ့ရာမှာ သူ့ရဲ့ သဘောဆန္ဒ လုံးဝ မပါခဲ့ကြောင်း အတိအလင်း ပြောပါတယ်။ ပြဿနာတွေ ရှုပ်ထွေးလာပြီး ဖိအားတွေ အရမ်းများလာတဲ့ အချိန်မှာတော့ ရူဘီရာလက်စ်ဟာ စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကနေပါ နုတ်ထွက်ပေးခဲ့ရပါတယ်။  

 

Ref: Euro News