စက်တင်ဘာ၊ ၁၅
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ အခြေစိုက်တဲ့ ကော်သူးလေတပ်မတော် (KTLA)၊ ဆာကဆောတပ်မဟာရဲ့ တပ်ဖွဲ့ဝင်တချို့က စက်တင်ဘာလ ၁၄ ရက်၊ မနက်ပိုင်းက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ရမ္မဇူကျေးရွာက အရက်ဆိုင် သုံးဆိုင်မှာ အတင်းအဓမ္မ ပိုက်ဆံလာကောက်ခံသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
” နှစ်ဆိုင်မှာက သိန်းနှစ်ရာလောက် တောင်းတယ်။ အဲ့မှာ ဝိုင်းညှိပေးကြတော့ သိန်းသုံးဆယ်နဲ့ အဆင်ပြေသွားတာ။ နှစ်ဆိုင်မှာက သိန်းသုံးဆယ်စီ၊ နောက်တဆိုင်မှာက ဆယ်သိန်းယူသွားတယ် ” လို့ ရမ္မဇူရွာခံတဦးက DNA ကို ပြောပါတယ်။
ဆာကဆောတပ်မဟာရဲ့ တပ်မဟာမှူး ဗိုလ်အယ်ကွီး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် သုံးဆယ်လောက်က ဝကုန်းရွာဘက်ကနေတဆင့် ရမ္မဇူရွာကို ရောက်လာခဲ့တာဖြစ်ပြီး အရင်ဆုံး ဆိုင်တွေထဲမှာ ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ဆိုင်ထဲမှာရှိတဲ့ အရက်နဲ့ ဘီယာဗူးတွေကို အပြင်ယူထုတ်ပြီး ဖျက်စီးခဲ့တဲ့အပြင် အခုလို ငွေကြေးကောက်ခံခဲ့တာလို့ ဆိုပါတယ်။
” ဆိုင်တွေက အရင်ကတည်းက ကာကွယ်ရေးအဖွဲ့တွေကနေ စစ်တပ်ထုတ်ကုန် မတင်နဲ့ ပြောထားလို့ စစ်တပ်ထုတ်ကုန် ဘာမှမတင်တဲ့ ဆိုင်တွေ။ အရက်တွေ၊ ဘီယာတွေက စစ်တပ်ထုတ်ကုန် မဟုတ်ဘဲနဲ့လည်း ဖျက်ဆီးသွားတယ် ” လို့ အထက်ပါ ရွာခံက ပြောပါတယ်။
ဒေသခံတွေကတော့ KTLA တပ်ဖွဲ့ဝင်တွေ ဘာလို့ အခုလို လုပ်တာလဲဆိုတာကိုတော့ အတိအကျ မသိကြပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကတော့ ထားဝယ်ဒေသရှိ KTLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်ပစ်မယ်လို့ KTLA ဘက်က ကြေညာထားပေမယ့် အရက်၊ ဘီယာ လုံးဝမရောင်းချကြဖို့ တားမြစ်ထားတာမျိုးတော့ မရှိပါဘူး။
KTLA၊ ဆာကဆောတပ်မဟာရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုချမ်းကတော့ ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်က တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ရ ခက်ခဲနေလို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
” ကျနော်တို့လည်း အဲကိစ္စကို သိချင်နေပါတယ်။ ကျနော်တို့ဆီက တကယ်လုပ်ခဲ့သည်ရှိသော် ဘာကြောင့်လုပ်ရသလဲ၊ ဘယ်လိုဖြစ်သလဲ ဆိုတာကို ကျနော်တို့တွေ ပြန်ပြီးရှင်းပြမှာ ဖြစ်ပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ် ” လို့ ရဲဘော် ကိုချမ်းက DNA ကို ပြောပါတယ်။
ထားဝယ်မြို့နဲ့ ဆယ့်သုံးမိုင်လောက်အကွာ ထားဝယ်-ထီးခီး ကားလမ်းပေါ်မှာရှိတဲ့ ရမ္မဇူရွာနဲ့ အနီးအနားတဝိုက်ဟာ KTLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ မကြာခဏ ထွက်ပြေးကြရတဲ့အပြင် နေအိမ်တွေလည်း မကြာခဏ မီးရှို့ဖျက်ဆီးခံရလေ့ရှိပါတယ်။
” သူတို့ကို အားကိုးပါတယ်ဆို အခုလို လာလုပ်သွားတော့ အံ့သြရတယ်။ ပိုက်ဆံပေးလိုက်ရတာထက် ကိုယ်ယုံကြည်အားကိုးတဲ့ လက်နက်ကိုင်က အခုလို ပုံစံတွေဖြစ်တော့ ဝမ်းနည်းတာပေါ့ ” လို့လည်း ဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ အခြေစိုက်တဲ့ ကော်သူးလေတပ်မတော် (KTLA)၊ ဆာကဆောတပ်မဟာရဲ့ တပ်ဖွဲ့ဝင်တချို့က စက်တင်ဘာလ ၁၄ ရက်၊ မနက်ပိုင်းက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ရမ္မဇူကျေးရွာက အရက်ဆိုင် သုံးဆိုင်မှာ အတင်းအဓမ္မ ပိုက်ဆံလာကောက်ခံသွားတဲ့အပြင် အရက်နဲ့ ဘီယာဘူးတွေကို ဖျက်စီးခဲ့ပါတယ်။