ဗဟိုဘဏ် ဥက္ကဋ္ဌ အပါအဝင် ဘဏ်အရာရှိ လေးဆယ်ကျော်ကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေညာ

စက်တင်ဘာ၊ ၁၅
 
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် ဘဏ်အရာရှိ ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၁၄ ရက် မနေ့က ကြေညာပါတယ်။
 
စစ်ကောင်စီက နိုင်ငံအနှံ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နိုင်ဖို့အတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု၊ လေယာဉ်ဆီ အပါအဝင် လက်နက်များဝယ်ယူတဲ့ ကိစ္စတွေမှာ ဗဟိုဘဏ်ရဲ့ ဝန်ထမ်းတွေ အဓိကကြံရာပါအဖြစ် ပါဝင်နေတာကြောင့် အခုလို သတ်မှတ်တာလို့ ဆိုပါတယ်။
 
အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ခံရသူတွေထဲမှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ အပြင် ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဇော်မြင့်နိုင်နဲ့ ဒေါက်တာ လင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်နဲ့ ဗဟိုဘဏ်လက်အောက်ခံဌာနတွေက ညွှန်ကြားရေးမှူး ၂၆ ဦး၊ ဒုညွှန်ကြားရေးမှူး ၁၄ ဦးလည်း ပါဝင်ပါတယ်။
 
လက်ရှိဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ဒုတိယ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရခဲ့ပေမယ့် အတွင်းလူနာအဖြစ်ကုသပြီး ပြန်လည်ကောင်းမွန်ခဲ့တာပါ။
 
အဲဒီလို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ခံထားရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူမယ်လို့လည်း NUG ဘက်က ပြောပါတယ်။
 
၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄)မှာတော့ အကြမ်းဖက်မှု ကျူးလွန်ကြောင်း စီရင်ချက်ချခံရတဲ့သူတွေကို ထောင်ဒဏ်တနှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မအသီးသီးပါဝင်ပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေမယ့် ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်မှု မရှိတဲ့အပြင် မြန်မာကျပ်ငွေကို အမြောက်အများ ရိုက်ထုတ်ပြီး စစ်အုပ်စုအတွက် အဓိက ငွေကြေးထောက်တိုင်အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု အဆမတန်ဖြစ်လာပြီး ပြည်သူတွေက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံစားကြရတယ်လို့ ပြောဆိုပါတယ်။
 
ဒါ့အပြင် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆောင်ရွက်တာကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာအပြင် နောက်ဆက်တွဲအနေနဲ့ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း စတာတွေ ပြတ်လပ်လာတယ်လို့လည်း ဆိုပါတယ်။
 
အလားတူပဲ ဗဟိုဘဏ်တခုအနေနဲ့ ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမယ့် နိုင်ငံရဲ့ နိုင်ငံခြားသုံးသီးသန့်ငွေတွေကို အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားကနေ လေယာဉ်ဆီ အပါအဝင် စစ်လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့လည်း NUG ဘက်က ပြောပါတယ်။
 
အဲဒီ လုပ်ရပ်တွေကို ကျူးလွန်းတာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃)၊ ပုဒ်မခွဲ(ပ)နဲ့ ငြိစွန်းတာကြောင့် အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြောင်း NUG ဘက်က ထုတ်ပြန်ထားပါတယ်။
 
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃)၊ ပုဒ်မခွဲ(ပ) မှာတော့ အကြမ်းဖက်မှု ကျူးလွန်သူတွေအပြင် အကြမ်းဖက်မှုအတွက် စည်းရုံးသူ၊ ထောက်ပံ့ကူညီသူတွေကိုပါ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြောင်း ပါရှိပါတယ်။
 
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကတော့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်ကတည်းက ကြေညာထားတာပါ။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်ကလည်း စစ်ကောင်စီထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူ သုံးစွဲတဲ့ ပုဂ္ဂလိကဘဏ်တွေ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး NUG က ထုတ်ပြန်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media