တရုတ်သံအမတ်သစ်ကို တာလီဘန်တွေ တခမ်းတနား ကြိုဆို

စက်တင်ဘာ၊ ၁၅

တရုတ်နိုင်ငံဆိုင်ရာ သံအမတ်သစ်ကို အာဖဂန် နစ္စတန်ရဲ့ တာလီဘန် အာဏာပိုင်တွေက တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်။

အခုသီတင်းပတ်မှာ ကဘူးလ်မြို့တော်ရဲ့ သမ္မတ အိမ်တော်မှာ အာဖဂန် နစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး အသစ်ဖြစ်တဲ့ ရှုရှန်းအတွက် ကြိုဆိုပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဖဂန်ကနေ အမေရိကန် စစ်တပ်တွေ ဆုတ်ခွာသွားတဲ့နောက် ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး တာလီဘန် စစ်သွေးကြွတွေက အာဏာသိမ်းယူခဲ့တဲ့နောက် သံတမန် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားတဲ့ နိုင်ငံအနည်းအကျဉ်းထဲမှာ ပါကစ္စတန်၊ အီရန်၊ ရုရှားတို့အပြင် တရုတ်လည်း ပါဝင်ခဲ့ပါတယ်။ 

တာလီဘန်တွေဟာ အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့နောက် ပြည်တွင်းက ဒီမိုကရေစီ စံနှုန်းတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို တစချင်းဆီ ပယ်ဖျက်ပြီး ဘာသာရေး အခြေပြု တင်းကျပ်တဲ့ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးလာခဲ့ပါတယ်။

တာလီဘန်တွေရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် တရုတ်ကတော့ သံတမန် ဆက်ဆံရေးကို ဆက်လက် ထူထောင်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ တာလီဘန် အစိုးရ ဝန်ကြီးချုပ် မိုဟာမက် ဟာဆန် အက်ခွန်းက သံအမတ်ကြီး ရှုကို တရင်းတနှီး လက်ဆွဲနှုတ်ဆက်ပြီး ကြိုဆိုနှုတ်ဆက်နေတာ တွေ့ရပါတယ်။

သူက အစ္စလာမ်မစ် အာဖဂန် နစ္စတန် နိုင်ငံအနေနဲ့ ရှုကို သံအမတ်ကြီး ခန့်အပ်ခဲ့တဲ့အတွက် တရုတ်အစိုးရကို အထူးတလည် ကျေးဇူးတင်မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရှုကလည်း တရုတ်ဟာ အာဖဂန်ရဲ့ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်လိုပြီး အာဖဂန်ရဲ့ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တွေကို လေးစားသွားမယ်လို့ ပြောကြားခဲ့ကြောင်း တာလီဘန် အစိုးရရုံးက ထုတ်ပြန်ပါတယ်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရှုကို အာဖဂန် သံအမတ်ကြီးအဖြစ် ခန့်အပ်မှုကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဒါဟာ နှစ်နိုင်ငံ ပုံမှန် သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းဖို့အပြင် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆွေးနွေးမှုတွေ ပိုမို မြှင့်တင်နိုင်ဖို့ပါ ရည်ရွယ်ထားတာလို့ ပြောပါတယ်။ ဒါ့အပြင် အာဖဂန်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ မူဝါဒတွေက ရှင်းလင်းပြီး အပြောင်းအလဲ မရှိဘူးလို့လည်း ဆိုပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးတဲ့ တာလီဘန်တွေဟာ အစိုးရ ဖြစ်လာချိန်မှာလည်း နိုင်ငံတကာ အသိုက်အဝန်းမှာ ဝင်ဆံ့ဖို့ ရုန်းကန်နေရပြီး တရုတ်လို စူပါပါဝါ နိုင်ငံတခုရဲ့ အသိအမှတ်ပြုမှုကို အထူး ဂုဏ်ယူနေဟန် ရှိပါတယ်။ တဖက်မှာလည်း တရုတ်ဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ မဟာ ကုန်သွယ်ရေး စီမံကိန်းကြီးဖြစ်တဲ့ Belt and Roadမှာ အာဖဂန်ကို အရေးပါတဲ့ ဆုံချက်တခုအဖြစ် ယူဆနေဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

Ref: CNN