ဒေါ်လာစျေးကျပေမယ့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်

စက်တင်ဘာ ၊ ၁၄

အမေရိကန်ဒေါ်လာဈေးပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နေ့စဉ်နဲ့အမျှမြင့်တက်နေတယ်လို့ ရန်ကုန်မြို့က စက်သုံးစီအရောင်းဆိုင်တွေနဲ့ ယာဉ်သုံးစွဲသူတွေက ပြောပါတယ်။

 ရန်ကုန်မြို့မှာအသုံးများပြီး 92 လို့ အများက ခေါ်ကြတဲ့ Octane 92 ဓာတ်ဆီကတော့ စက်တင်ဘာလ ၁ ရက်ကနေ့ ကနေဒီနေ့အထိ နှစ်ပတ်အတွင်း   ၂,၃၅၅ ကျပ်အထိမြင့်တက်ခဲ့ပြိး တခါတရံဆီဈေးကွက်အတွင်း ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အငှားယာဉ်မောင်းတဦးကပြောပါတယ်။

“ ဆီတခါဖြည့်ရင်အနိမ့်ဆုံး နှစ်သောင်းခွဲ ။တရက်လုံးမောင်းမယ်ဆိုရင် သုံးသောင်းခွဲလောက်ဖြည့်ရတယ်။အုံနာခ နဲ့ဆိုရင်တရက်ငါးသောင်းလောက်ကျတယ်။ ကိုယ့်အတွက်ကျတော့ ထပ်ရှာရတယ်ပေါ့ “ပုစွန်တောင် Ocean စင်တာမှာဂိတ်ထိုးတဲ့ အငှားယာဉ်မောင်းတဦးက ဆိုပါတယ်။

ရန်ကုန်မြို့မှာ စက်တင်ဘာလ ၁ရက်က ဓာတ်ဆီ (Octane 92) တလီတာကို ၂,၂၅၅ ကျပ်၊ 95 တစ်လီတာကို ၂,၃၇၀ ၊ ဒီဇယ်တလီတာကို ၂,၅၆၀ ၊ ပရီမီယမ် ဓာတ်ဆီ တလီတာကို ၂,၆၃၅ ကျပ်ရှိခဲ့တာပါ။

ဒါပေမယ် စက်တင်ဘာလ ၁၄ ရက်မှာတော့ (92 Octane ) တလီတာကို ၂,၃၅၅ ကျပ်၊ 95 တလီတာကို ၂,၄၈၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၅၆ဝကျပ်၊ ပရီမီယမ်ဓာတ်ဆီတလီတာကို ၂,၆၃၅ ကျပ်အထိ ဈေးမြင့်တတ်ခဲ့တာပါ။

စစ်ကောင်စီက နှစ်သောင်းတန်ထုတ်ဝေမယ်လို့ကြေညာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်ကစပြီး အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်ခဲ့သလို  ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်က တဒေါ်လာကို ၃,၉၄၆ကျပ်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နိုင်ငံခြားငွေရောင်းဝယ်သူတချို့ကို ဖမ်းဆီးတာတွေရှိလို့ဒေါ်လာစျေး တဖြည်းဖြည်းပြန်လည် ကျဆင်းလာပြီးစက်တင်ဘာလ ၁၂ရက်က ၃,၄ရဝကျပ်၊၁၃ ရက်က ၃,၄၆၅ကျပ်နဲ့ ဒီနေ့မှာတော့ ၃,၄၉ဝကျပ်အထိကျဆင်းနေပေမယ့် စက်သုံးဆီဈေးနှုန်းကတော့ အမြင့်ဖက်ကို ဦးတည်နေတာပါ။

‘’ဒါကတော့ ထုံးပဲစံဗျ။ (စျေး)တက်ရင်သာ ချက်ခြင်းလိုက်တက်တာ။ ကျရင် အမြင့်စျေးနဲ့ ဝယ်ထားရလို့ဆိုပြီး မချပေးဘူး’’ လို့တာမွေမြို့နယ်က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

စက်သုံးဆီစျေးကျဆင်းမှုမရှိတဲ့အပြင် တခါတရံ ဆီပြတ်တဲ့ နေ့တွေရှိတဲ့အတွက်  အငှားယာဉ်မောင်းနှင်သူတွေအတွက် ကားမထွက်ရလို့  စားဝတ်နေရေးအခက်အခဲရှိတယ်လို့သူက ဆက်ပြောပါတယ်။

‘’တခါတလေ ဆီက ပြတ်ပြတ်သွားတယ်။ဆီဈေးတက်လို့လား တကယ်ပြတ်တာလားတော့မသိဘူး’’ လို့ နောက်ထပ်အငှားယာဉ်မောင်းတဦးက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီက ပြည်တွင်းစက်သုံးဆီလိုအပ်ချက်နဲ့ တင်သွင်းမှုအချိုးမျှတမှုရှိနေလို့စျေးတည်ငြိမ်နေကြောင်း၊ တချို့လုပ်ငန်းရှင်တွေက ရည်ရွယ်ချက်ရှိရှိ နဲ့စျေးတင်ရောင်းနိုင်ဖို့ ကောလဟလဖန်းတီးနေတယ်လို့ ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကားအစီးရေတသန်းကျော်နဲ့ ဆိုင်ကယ် ခြောက်သန်းခွဲကျော်ရှိပြီးတနှစ်ကို စက်ဆုံးဆီတန်ချိန် လေးသန်းကျော်တင်သွင်းနေရကာ  အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဝန်းကျင်နှစ်စဉ်ကုန်ကျနေတာဖြစ်ပါတယ်။