ဘန်ကောက် စျေးဝယ်စင်တာ တခုမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဆယ်နီးပါး အဖမ်းခံရ

စက်တင်ဘာ ၊ ၁၄

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၈ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

 ပသူဝမ် စျေးဝယ်စင်တာ တဝိုက်မှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့ပြီး မြန်မာ ၁၈ ဦး အဖမ်းခံခဲ့ရကြောင်း၊ တချို့ ရွှေ့ပြောင်း အလုပ်သမားတွေက ထွက်ပြေး လွတ်မြောက်သွားပြီး အချင်းချင်း သတင်းပေးပို့မှုတွေနဲ့ ကြိုတင် တိမ်းရှောင်ခဲ့ကြကြောင်း ထိုင်းရဲ့ Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

 ထိုင်းရဲတွေဟာ စျေးဝယ်စင်တာထဲက ဆိုင်ခန်းတချို့ကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အထောက်အထားမဲ့ မြန်မာ လုပ်သားတွေကို ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

 အဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ ဒဏ်ကြေး ဘတ် ၅၀၀၀ ကနေ ၅၀၀၀၀ ကြားပေးဆောင်ရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အထောက်အထားမဲ့ မြန်မာတွေကို အလုပ်ပေးထားတဲ့ ဆိုင်ပိုင်ရှင်တွေကတော့ ဒဏ်ကြေး ဘတ် ၁၀၀၀၀၀ ထိ တပ်ရိုက်တာ ခံရနိုင်တယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲကိုပုံစံမျိုးစုံနဲ့ ရွေ့ပြောင်းဝင်ရောက်အလုပ်လုပ်ကိုင်ကြတဲ့မြန်မာအလုပ်သမားတွေပိုများလာသလို ထိုင်းအာဏာပိုင်တွေကလည်း ဆက်တိုက်ဆိုသလိုဖမ်းဆီးမှုတွေရှိနေပြီးဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေလည်း ရာနဲ့ချီရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွေ့ပြောင်းနေထိုင်သူ ၆ သန်းနီးပါးရှိတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်။