ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အထူးစိုးရိမ်ကြောင်း ဒီချုပ် ထုတ်ပြန်

စက်တင်ဘာ ၊ ၁၄

အထူးစိုးရိမ်ပူပန်မိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ပါတီ ၊ဗဟိုအလုပ်မှုဆောင်ကော်မတီကစက်တင်ဘာ ၁၄ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အမှုတချို့ အမိန့်ချအပြီးမှာ သူမရဲ့ ရှေ့နေတွေနဲ့ ပါ တွေ့ခွင့်မရပေမယ့် နေပြည်တော်အချုပ်ထောင်မှာရှိနေတယ်လို့ အများက ယူဆကြပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ဖြတ်ခံထားရတယ် ။သူရဲ့မိသားစုဝင်တွေအပြင် ရှေ့နေတွေနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရတယ်။ ဒီအတွက်ကို ကျနော်တို့ အရမ်းစိုးရိမ်တယ်။ တချိန်တည်းမှာပဲ သူရဲ့ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြချက်တွေကြောင့် ကျနော်တို့ ပူပန်မှုက ပိုမြင့်တက်လာစေတယ် ” လို့ ဒီချူပ်ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးဘိုဘိုဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအစောပိုင်းက သွားဖုံးရောင်ရောဂါ ခံစားနေရာတဲ့အတွက်ပြင်ပဆရာဝန်တွေနဲ့ ဆေးကုသခွင့်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုဘဲ  ပိတ်ပင်ထားတယ်လို့ သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်ပြီး အရပ်ဘက်နဲ့စစ်ဘက်ဆရာဝန်တွေက ပုံမှန်စစ်ဆေးကြည့်ရှု့ပေးနေတယ်လို့လည်း ဒီလအစောပိုင်းက မီဒီယာတချို့ကို ပြောထားပါတယ်။

သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်)ကိုထိန်လင်းကတော့ မိခင်ဖြစ်သူရဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတောင်းဆိုတာကို ငြင်းပယ်ခံရတဲ့အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း ဒီလ ၄ ရက်က ပြည်ပသတင်းဌာနတချို့မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဆက်လက် ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ရပိုင်ခွင့်တွေကို မပေးဘဲ ချူပ်နှောင်ထားတယ်လို့ ဒီချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်  လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ နေရာထိုင်ခင်းတွေကို ဆောင်ရွက်မပေးထားတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ လည်း ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ်၊ ဇွန်လကစပြီး နေအိမ်အကျယ်ချုပ်ကနေ နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ အချုပ်ထောင်က အခန်းကျဉ်းလေးထဲမှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ တာလည်းဖြစ်ပါတယ်။

အရိပ်ရအပင်မရှိဘဲ အခန်းကျဉ်းထဲမှာအပူဒဏ်ကို အသက်အရွယ်နဲ့ မမျှခံစားနေရတဲ့အပြင် ပိုးမွှားတွေကိုက်ခံရတာကြောင့် နေထိုင်ရတာအဆင်မပြေမှုတွေရှိပေမယ့် စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

‘’အမ(ဒေါ်အောင်ဆန်းစုကြည်) အသားညိုသွားတယ်။ နည်းနည်းကိုယ်ရည်စစ်သွားတာကလွဲရင် စိတ်ဓာတ်ကတော့ ခိုင်မာတယ်။သွားက သက်သာသွားပါပြီ’’ လို့ အမည်မဖော်လိုသူ နေပြည်တော်အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီဟာ တပတ်တခါ တနင်္လာနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအသောက်၊ ဆေးဝါးနဲ့ လိုအပ်တဲ့ အရာတွေကို နေပြည်တော်မှာ ပေးဖို့ ခွင့်ပြုထားတာရှိတယ်လိုကလည်း အဲဒီနီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအပါအဝင် ပြည်တွင်းတော်လှန်ရေး အင်းအားစုတွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နို်င်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုတွေ အားလုံးကို အသိအမှတ်ပြုသလို ဒီထက်ပိုပြီး စစ်ကောင်စီကို တွန်းအားပေးဖို့ကိုလည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

“ နိုင်ငံတကာရဲ့ ဖိအားပေးမှုက အတော်အားကောင်းတယ်။ ဒါပေမယ့် စကစက ဝေ့လည်ကြောင်ပတ်နဲ့ ပြစ်ဒဏ်လျှော့ပေါ့တယ်ဆိုပြီး နိုင်ငံရေးလှည့်ကွက်တွေ လုပ်နေတာရှိတယ်။အရေးကြီးဆုံးက စစ်ကောင်စီ အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး အကျဉ်းသားတွေကို လွတ်ပေးဖို့ပါ ” လို့ ဦးဘိုဘိုဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ် သက်သာခွင့် နှစ်ကြိမ် ပေးခဲ့ပြီးရာမှာ စုစုပေါင်း ရှစ်နှစ် ပြန်လျော့ပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ကစပြီးလူထုရဲ့အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေး အခက်အခဲအကြပ်အတည်းပေါင်းစုံကြားက ယုံကြည်ချက်ရှိရှိ ရပ်တည်ဆောင်ရွက်ခဲ့တာ ၃၅ နှစ်ရှိပြီး ဖြစ်ပေမယ့်  အသက်အရွယ်အရ ကျန်းမာရေးကို အထူးအလေးထားရမယ့် အချိန်ဖြစ်တယ်လို့လည်းဒီချုပ်ပါတီက ထုတ်ပြန်ပါတယ်။

“  ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တင်မကပါဘူး ။နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အရေးကြီးပါတယ်။ ကောင်းတဲ့စောင့်ရှောက်မှုတွေရှိသလို တချို့နေရာတွေမှာဆိုရင် အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာလည်းရှိတယ်။ ဒါတွေက စကစအနေနဲ့ပြုပြင်ရမယ်အချက်တွေပေါ့ ” လို့ ဦးဘိုဘိုဦးကထောက်ပြပြောဆိုပါတယ်။