လားရှိုးမှာ မိုးများပြီး တောင်ကျရေကြောင့် အုတ်တံတိုင်းပြိုကျလို့ တဦး သေဆုံး

စက်တင်ဘာ ၊ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာစက်တင်ဘာလ ၁၃ ရက်၊ မနေ့က ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့်  အုတ်တံတိုင်းပြိုကျမှုဖြစ်ခဲ့လို့ အမျိုးသားတဦး သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။

“ မနေ့ညတုန်းက မိုးများတော့ ရေကတအားအစီးသန်တယ်။ ဆုံးသွားတဲ့ အမျိုးသားက ရပ်ကွက်ကြီး (၅)ထဲကပါ ။သူကအိမ်မှာ အိပ်နေတဲ့အချိန် အုတ်တံတိုင်းပြိုကျတော့ သူအိမ်ပေါ်ကျလို့ ပိပြီး ဆုံးသွားတယ်။ သူမိသားစုကတော့ အန္တရာယ်ကင်းပါတယ် ” လို့ သူကပြောပါတယ်။

လားရှိုးမြို့မှာမနေ့က ည ၁၁ နာရီကျော်လောက်မှာ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၅၊ ၆၊ ၇၊ ၈နဲ့  ၁၂ စတဲ့ ရပ်ကွက်တွေရှိ နေအိမ်တချို့မှာရေဝင်ရောက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တညလုံးနီးပါး ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရေဝင်ရောက်ခဲ့တဲ့ နေအိမ်တချို့က ပစ္စည်းတွေကို ရေလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရသလို ပိတ်မိနေတဲ့ လူတချို့ကိုလည်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သူကပြောပါတယ်။

“ မိုးကအခုထိတော့ရွာနေတုန်းပဲဗျ ။ရေက အကြာကြီးဝင်တာမျိုးမဟုတ်ဘူးလေ။ မိုးနည်းသွားရင် ရေကတခါတည်း ကျသွားတာပေါ့ ။အဲဒါ့ကြောင့် ရွေ့ပြောင်းနေထိုင်ရတာမျိုးတော့ မရှိဘူးပေါ့နော် ။ဒါပေမယ့် ရေဝင်တော့ ပျက်စီးထိခိုက်မှုမရှိအောင် တချို့ပစ္စည်းလေးတွေ ညတွင်းချင်း ရွှေ့ပြောင်းပေးလိုက်ရတာတော့ရှိတယ် ” လို့ သူကဆက်ပြောပါတယ်။

ရေကြီး ရေလျှံမှုဖြစ်ပွားရာနေရာများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူလူမူကူညီရေး အသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေရတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ရေဝင်တဲ့ ရပ်ကွက်တချို့မှာ မိုးတိတ်သွားလို့ ရေပြန်ကျသွားပေမယ့် မိုးထပ်ရွာလာရင် စိုးရိမ်ရတဲ့ အခြေအနေတွေရှိနေသေးတယ်လို့ လည်း ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။