ဗီယက်နမ်မှာ လူနေတိုက် မီးလောင်မှုကြောင့် ငါးဆယ်ကျော်သေဆုံး

စက်တင်ဘာ ၊ ၁၄

 ဗီယက်နမ် နိုင်ငံမှာ လူနေတိုက်တလုံး မီးလောင်မှုကြောင့် ကလေးတွေ အပါအဝင် လူ ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

 စက်တင်ဘာ ၁၂ ရက် ညပိုင်းက ဟနွိုင်းမြို့တော်မှာ ၉ ထပ်တိုက်တလုံး မီးလောင်မှု ဖြစ်ခဲ့တာပါ။ နောက်တနေ့ မနက်ထိ စာရင်းတွေအရ သေဆုံးသူ ၅၆ ဦး ရှိခဲ့ပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဆေးရုံတက်နေရသူတွေထဲမှာ အခြေအနေ ဆိုးရွားသူ တချို့လည်း ပါဝင်တဲ့အတွက် အသေအပျောက် စာရင်းက တိုးလာနိုင်ခြေ ရှိနေပါတယ်။

မီးလောင်မှု ဖြစ်ပွားချိန်က အဲဒီ ၉ ထပ်တိုက်မှာ နေထိုင်သူ ၁၅၀ ဝန်းကျင်လောက် ရှိခဲ့မယ်လို့ ယုံကြည်ရပါတယ်။ မီးကို နာရီပေါင်း အတော်ကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ရပြီး နောက်တနေ့ ကူးသွားမှ မီးငြိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ မီးလောင်တဲ့အချိန် ကြောက်အားလန့်အားနဲ့ ပြတင်းပေါက်ကနေ ခုန်ချသူတွေ တော်တော်များများလည်း ပါဝင်ခဲ့တယ်လို့ အစိုးရ သတင်းဌာနတွေက ဗူဟောင်ပြုံ အစိုးရ ဆေးရုံရဲ့ တာဝန်ရှိသူတွေကို ကိုးကား ဖော်ပြခဲ့ပါတယ်။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပါ။ ရဲတွေက မီးဘေးအန္တရာယ် ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဆောက်အအုံ ပိုင်ရှင်ကို ဖမ်းဆီးထားပါတယ်။

ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်ချင်းဟာ မီးလောင်မှု ဖြစ်ပွားရာ နေရာကို စက်တင်ဘာ ၁၃ ရက်မှာ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ လူနေ သိပ်သည်းရာ ဧရိယာတွေက အဆောက်အအုံတွေမှာ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံတွေ တိတိကျကျ လိုက်နာမှု ရှိမရှိ ပိုမို ကြပ်မတ် စစ်ဆေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။