စက်တင်ဘာ ၊ ၁၄
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား တရားဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာဖို့ အလားအလာတွေ အတော်လေး နီးနီးစပ်စပ် ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်က ရုရှားနိုင်ငံ အရှေ့ပိုင်းက ဗိုစတော့ချ်နီ အာကာသ သိပ္ပံစခန်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပူတင်က အခုလို မှတ်ချက် ပေးခဲ့တာပါ။ ပူတင်က သူဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်ရေး ရည်မှန်းချက်တွေကို နည်းပညာပိုင်း အထောက်အပံ့ပေးဖို့ ဆန္ဒရှိတယ်လို့လည်း အရိပ်အမြွက် ဆိုပါတယ်။
ပူတင်က ရုရှားအနေနဲ့ မြောက်ကိုရီးယားဆီက ခဲယမ်းမီးကျောက်တွေ ဝယ်ယူဖို့ ဆွေးနွေးခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လို့ ရနိုင်သမျှ ကိစ္စအားလုံးကို ပွင့်ပွင့်လင်းလင်း နှီးနှော တိုင်ပင်ခဲ့ကြောင်း ဖြေကြားသွားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ တရားဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တွေပါ ချုပ်ဆိုလာနိုင်ခြေ အလားအလာတွေ ရှိနေတယ်လို့ ပူတင်က ဆိုပါတယ်။ သူက ပြုံယမ်းမြို့တော်ဆီ လာလည်ဖို့ ကင်ရဲ့ ဖိတ်ကြားမှုကိုလည်း လက်ခံခဲ့တယ်လို့ အတည်ပြုသွားပါတယ်။
အမေရိကန် အစိုးရကတော့ ကင်ရဲ့ ရုရှား ခရီးစဉ်ဟာ ယူကရိန်း စစ်ပွဲကြောင့် စစ်လက်နက်တွေ အရေးတကြီး လိုအပ်နေတဲ့ ပူတင်က မြောက်ကိုရီးယားထုတ် ခဲယမ်းမီးကျောက်တွေ ဝယ်ယူရေးကိစ္စ ဆွေးနွေးဖို့ ဖိတ်ခေါ်တာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ နောက်ပြီး မြောက်ကိုရီးယား အနေနဲ့ ရုရှားဆီ စစ်လက်နက်တွေ ရောင်းချပေးမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို မျှော်လင့်ထားဖို့လည်း အမေရိကန်က ခြိမ်းခြောက် သတိပေးထားပါသေးတယ်။
တဖက်မှာတော့ ကင်က မြောက်ကိုရီးယားဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲနဲ့ ပတ်သက်လို့ အစွမ်းကုန် ထောက်ခံ အားပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အဓိပ္ပါယ်မျိုး ပြောကြားသွားပါတယ်။ ရုရှားဟာ ကိုယ်ပိုင် အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို ကြောင်သူတော် အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့ မြင့်မြတ်တဲ့ စစ်ပွဲတခု ဆင်နွှဲနေရတာသာ ဖြစ်တယ်လို့ ကင်က ပြောပါတယ်။
သမ္မတ ပူတင် အပါအဝင် ရုရှားခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တိုင်းကို မြောက်ကိုရီးယားက ထာဝရ ထောက်ခံနေမှာဖြစ်ပြီး အရင်းရှင်ဝါဒကို အတူလက်တွဲ တိုက်ထုတ်သွားမယ်လို့လည်း ကင်က ဆိုပါတယ်။
ရုရှား ခရီးစဉ် အတောအတွင်း ကင်ဟာ ရေတပ်သင်္ဘောတွေ၊ စစ်လက်နက် ပစ္စည်းစက်ရုံတွေနဲ့ တခြား နေရာတချို့ကို သွားရောက် လေ့လာဖွယ် ရှိပါတယ်။ သူဟာ ရုရှားမှာ ဘယ်နှရက်ကြာ နေထိုင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
သူ့ရဲ့ ခရီးစဉ်မှာ ရုရှားအတွက် လက်နက် အရောင်းအဝယ် ကိစ္စက အရေးကြီးသလို မြောက်ကိုရီးယားကလည်း အလဲအလှယ် သဘောအဖြစ် ဂြိုဟ်တု နည်းပညာ အထောက်အပံ့တွေ ရရှိရေး ညှိနှိုင်းဖို့ အရေးကြီးနေပါတယ်။ မြောက်ကိုရီးယားဟာ သူလျှိုဂြိုဟ်တုတွေ လွှတ်တင်ဖို့ ၂ ကြိမ်တိုင် အားထုတ်ပြီး ၂ ကြိမ်စလုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ထားရပါတယ်။