စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီက လှုပ်ရှားမှု အများဆုံးလုပ်နေ

စက်တင်ဘာ၊ ၁၃

စစ်ကောင်စီက မဖြစ်မနေကျင်းပမယ်လို့ ဆိုထားတဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် လက်ရှိမှာ စစ်တပ်ကျော ထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက ကြိုတင်ပြင်ဆင်လှုပ်ရှားမှုအများဆုံးလုပ်နေတယ်လို့ လေ့လာစောင့်ကြည့် မှုအစီရင်ခံစာတရပ်ကဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က တည်ထောင်ရပ်တည်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု တွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ စောင့်ကြည့်ခဲ့ရာမှာ ပြည်ခိုင်ဖြိုး၊တစည၊PPP ပါတီနဲ့ ပြည်သူ့ ပါတီတို့သာ လှုပ်ရှားမှုရှိနေတယ်လို့ ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS)ရဲ့ အစီရင်ခံစာကဆိုပါတယ်။

အဲ့ဒီပါတီလေးခုလှုပ်ရှားမှုစုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းဟာ ပြည်ခိုင်ဖြိုးတပါတီတည်းရဲ့ လှုပ်ရှားမှုတွေဖြစ်တယ် လို့ လည်း ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်း ပါတီဖေ့စ်ဘွတ်ခ်စာမျက်နှာကဖော်ပြချက်တွေအပေါ်မူတည်ပြီး BACS က ဖော် ပြထားပါတယ်။

နိုင်ငံရေးပါတီတွေရဲ့လက်ရှိလှုပ်ရှားမှုတွေကို အမျိုးအစားအလိုက်ခွဲကြည့်မယ်ဆိုရင် ဘာသာရေးဆိုင်ရာလှူဒါန်းမှု၊ စာသင်ကျောင်းလုပ်အားပေး၊အားကစားပွဲကျင်းပတာ၊ပြည်သူတွေနဲ့ စကားဝိုင်းဆွေးနွေးပွဲလုပ်တာ၊သဘာဝ ဘေး သင့်သူတွေကိုကူညီထောက်ပံ့တာ စတာတွေကိုအများဆုံး လုပ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ထူးခြားချက်တခုကတော့ ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီလဝက ကလုပ်ပေးနေတဲ့ ပန်းခင်းလမ်းစီမံချက်မှာ ပြည်ခိုင်ဖြိုးပါတီဟာ ပလောင်နဲ့မုန်းဝန်းလူမျိုးစုတွေကိုပစ်မှတ်ထားကူညီမှု တွေလုပ်နေ တာတွေ့ရတယ်လို့လည်းဖော်ပြထားပါတယ်။

ဒါဟာ အဲ့ဒီလူမျိုးစုတွေကို ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးဆင်းတဲ့ လှုပ်ရှားမှုအဖြစ်မှတ်ယူနိုင်တယ်လို့လည်း BACS က သုံးသပ်ထားပါတယ်။ပြည်ခိုင်ဖြိုးပါတီဟာ ရန်ကုန်၊ရှမ်းနဲ့မွန်ပြည်နယ်တို့မှာ ပါတီလှုပ်ရှားမှုတွေအဓိက လုပ်နေတယ်လို့ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တည်ထောင်ထားတဲ့ PPP ပါတီကတော့ နေပြည်တော် ၊ပဲခူး၊ရှမ်း၊မန္တလေး၊ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ လှုပ်ရှားမှု  အနည်းငယ်သာ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာစသိမ်းချိန်မှာ ရွေးကောက်ပွဲကို နှစ်နှစ်အတွင်း ကျင်းပပေးမှာဖြစ်တယ်လို့ကြေညာခဲ့ပေ မယ့် လက်ရှိမှာတော့ ခုခံတော်လှန်တိုက်ခိုက်မှုတွေကြောင့် တည်ငြိမ်မှုမရှိသေးဘူးလို့ဆိုကာ အရေးပေါ်ကာလ သက်တမ်းတွေ အကြိမ်ကြိမ်ဆက်တိုးနေတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အထိ အထွေထွေ ရွေးကောက်ပွဲမဖြစ်မနေ ကျင်း ပပြီး အနိုင်ရပါတီကို  အာဏာရပါတီဆီ အာဏာပြန်လွှဲပေးမှာဖြစ်တယ်လို့ ဆက်လက်ပြောဆိုနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်တို့ဟာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ စနစ်ကို PR စနစ်ကျင့်သုံးမယ်လို့ သတ်မှတ်ထားသလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလည်း ပိုမိုတင်းကျပ်တဲ့အချက်တွေနဲ့ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။

အဲ့ဒီဥပဒေမှာ မှတ်ပုံပြန်မတင်တဲ့ပါတီတွေဖျက်သိမ်းခံရမယ်လို့လည်းထည့်သွင်း ပြဌာန်းခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှတ်ပုံမတင်ကြတဲ့ NLD၊SNLD ပါတီတို့ အပါအဝင် ၂၀၂၀ ရွေး ကောက်ပွဲ အနိုင်ရပါတီတွေထဲကအများစုနဲ့ နောက်ထပ် ဒီမိုကရက်တစ်နိုင်ငံရေးပါတီတွေဟာ ဖျက်သိမ်းကြောင်း ကြေညာခံထားရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအထိ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၃၆ပါတီရှိပြီး နောက်ထပ် တည်ထောင်ခွင့်လျှောက်ထားနေဆဲ ပါတီတွေလည်းရှိနေသေးတယ်လို့ ထုတ်ပြန်ချက် တွေအရသိရပါတယ်။

ရွေးကောက်ပွဲဘယ်တော့ကျင်းပနိုင်မယ်ဆိုတာကို စစ်ကောင်စီနဲ့သူ့ရဲ့ရွေးကောက်ပွဲကော်မရှင်တို့က ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိသေးပေမယ့် ရွေးကောက်ပွဲအတွက်လို့ဆိုကာ လူဦးရေစာရင်းကောက်ယူတာတွေလုပ်ခဲ့သလို ကော်မရှင်ကလည်း သူတို့ကျင့်သုံးမယ်ဆိုတဲ့ အီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းပြတာတွေ ဆက်တိုက် လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေး  အစိုးရအပါအဝင် တော်လှန်ရေး အင်အားစုတွေကတော့ အာဏာသိမ်းစစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်ပြောဆိုထားကြသလို ရွေးကောက်ပွဲကျင်းပလာမယ်ဆို ရင်လည်း မဖြစ်အောင်တားဆီးမယ်လို့ ဆိုထားကြပါတယ်။