ရေးမြို့မှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ လေးဦးခန့် ဒဏ်ရာရ

စက်တင်ဘာ၊ ၁၃
 
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ ထိသွားတာက လက်နက်ကြီးစ ထိမှန်တာပေါ့နော်။ ရွာကလူတွေပဲ လေးဦး၊ ငါးဦးလောက်ပေါ့။ တဦးက ဘာမှမဖြစ်ဘူး၊ နည်းနည်းပဲပြောတယ်၊ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေပေါ့ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လက်နက်ကြီးဟာ နေအိမ်တလုံးပေါ်နဲ့ ဈေးနားမှာ တလုံးစီ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေါ်ငို၊ ဒေါ်ချမ်းနဲ့ ဦးချစ်အောင် အပါအဝင် ဒေသခံလေးဦးခန့်ဟာ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့လို့ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကာ ကျန်းမာရေးဟာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်သုံးလုံး ပျက်စီးခဲ့တဲ့အပြင် ဈေးဆိုင်တခုလည်း ပျက်စီးသွားခဲ့ပါသေးတယ်။
 
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ (၅၉၁)တပ်ရင်းကို စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီခန့်က တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်ရင်း လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ရေး-ထားဝယ် ကားလမ်းဘေးမှာရှိတဲ့ အမတ(၃၁၆) အမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
“ ကျတာက သုံးလုံး နှစ်လုံးပဲ ပေါက်တယ်။ တလုံးက စာသင်ကျောင်းနားမှာ မပေါက်ဘူးပေါ့နော်။ အခုက အများကြီး ထိသွားတာတော့ မဟုတ်ဘူးပေါ့နော်။ တယောက်ပဲ ခေါင်းမှာ ထိသွားတဲ့ အမျိုးသမီးတယောက်ပဲ ဒဏ်ရာက နည်းနည်းများတယ်။ ကျန်တာက လည်ပင်းတို့၊ လက်တို့မှာ နည်းနည်းပါးပါးပဲ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ကျောင်းရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်မှာလည်း အဲဒီအနီးအနား ပတ်ဝန်းကျင်မှာ အပြန်အလှန်ပစ်ခတ်သံတွေ မိနစ်အနည်းငယ်ခန့် ကြားခဲ့ရတဲ့အပြင် ညဘက်အချိန်တွေမှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက် ထပ်မံကြားခဲ့ရတယ်လို့ ဆိုပါတယ်။
 
“ မနေ့ကတော့ ခမရ(၅၉၁) ကို သွားချခဲ့တယ်လို့ သိရတယ်။ ပူးပေါင်းအဖွဲ့ဘက်ကပေါ့နော်။ အဲမှာ တချက် ခဏပစ်ခတ်မှုဖြစ်တယ်ပြောတယ်။ ကျွန်တော်တို့လည်း သွားတဲ့အဖွဲ့နဲ့ ဆက်သွယ်မရသေးတော့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးပေါ့နော်။ ထိခိုက်မှုကတော့ သူတို့ဘက်က ထုတ်ပြန်မယ်ထင်တယ် ” လို့ ရေးမြို့နယ်မှာ လှုပ်ရှားနေတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။
 
ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေ၊ တပ်ရင်း၊ တပ်စခန်း တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိသလို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
 
အဲဒီလိုမျိုး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာ‌ တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ