ပေါင်မြို့မှာ ပရဟိတသမားတဦး ပစ်ခတ်ခံရလို့ အရေးပေါ်ကုသမှုခံယူနေရ

စက်တင်ဘာ၊ ၁၃
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာမှာ စက်တင်ဘာလ ၁၃ ရက်၊ ဒီကနေ့မနက်ပိုင်း ၇ နာရီခွဲခန့်က ပရဟိတသမားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ အိမ်ရှေ့နားမှာပဲ။ သူတယောက်ထဲပဲ ရှိနေတာ အဲဒါ ပစ်ခံရတာ။ ပစ်တာတော့ သုံးလေးချက်လောက်ရှိတယ်။ ထိတာက တချက်ပဲ ” လို့ ရင်းငြိမ်တောင်ကျေးရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးဆိုသူကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးက နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
 
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီးရဲ့ ပေါင်နားမှာ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာ တချက် ရရှိခဲ့ပြီး တိုက်နယ်ဆေးရုံကနေတဆင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီး တင်ပို့ထားရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
“ ဒဏ်ရာတချက်ပဲ ဆိုပေမယ့် ပေါင်ကြောကို ထိသွားတယ်ပြောတယ်။ အခန့်မသင့်ရင် လမ်းလျှောက်လို့ မရတော့ဘူးဆိုပြီး ဆရာဝန်က ပြောတယ်။ သေချာကုသဖို့ လိုမယ်တဲ့ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးသလို DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။
 
ဦးကျားကြီး ဆိုသူဟာ စစ်မှုထမ်းဟောင်းတဦး မဟုတ်သလို ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး မဟုတ်ဘဲ သူဟာ ကျေးရွာအတွင်းမှာ ပရဟိတ စေတနာ့ဝန်ထမ်းတဦးအဖြစ် လုပ်ကိုင်နေသူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ သူက ဟို ကလေးတွေ ကျောင်းသွားတဲ့အချိန်၊ ကျောင်းလွတ်တဲ့ အချိန်တွေမှာ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးယူပေးတာ ရှိတယ်။ တခါတလေ သူ မီးသတ်ယူနီဖောင်းလိုလို၊ ပရဟိတ ယူနီဖောင်းလိုလို အပြာရောင်ဝတ်စုံ ဝတ်လေ့ရှိတော့ သူ့ကို ပြည်သူ့စစ်တို့ ဘာတို့ ထင်တာများလားပေါ့။ ရပ်ရွာမှာ သာရေးနာရေးကိစ္စတွေ အားတတ်သရော ကူညီဆောင်ရွက်ပေးတာ ရှိတယ်။ သာမန်ပြည်သူတယောက်ပါပဲ ” လို့ တခြားဒေသခံတဦးက ပြောပါတယ်။
 
ပေါင်မြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ ရှိပေမယ့် ဒီလိုမျိုး ပရဟိတစေတနာ့ဝန်ထမ်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းတော့ မရှိပါဘူး။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်