မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု နည်းပညာ တိုးတက်ရေး ကူညီဖွယ်ရှိကြောင်း ပူတင် အရိပ်အမြွက်ပြော

စက်တင်ဘာ၊ ၁၃

ရုရှားအနေနဲ့ မြောက်ကိုရီးယားရဲ့ အာကာသ သိပ္ပံပညာနဲ့ ဂြိုဟ်တု နည်းပညာ မြှင့်တင်ရေး ရည်မှန်းချက်တွေမှာ ပါဝင်ကူညီဖို့ လိုလားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ရုရှားကို ရောက်ရှိနေတဲ့ ကင်ကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ပူတင်က ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ ရှိနေတဲ့ ဗော့စ်တော့ချ်နီ အာကာသ စခန်းမှာ ပူတင်က လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ပူတင်ဟာ ကင်ကို ကျယ်ပြန့်လှတဲ့ စခန်းထဲမှာ လှည့်လည် ပြသခဲ့ပါတယ်။

ပူတင်နဲ့ ကင်တို့ဟာ မြောက်ကိုရီးယားထုတ် ခဲယမ်းမီးကျောက်တွေကို ရုရှားက ဝယ်ယူရေး ကိစ္စအတွက် တွေ့ဆုံကြတာလို့ အမေရိကန်က ယူဆနေပါတယ်။ တဖက်မှာလည်း မြောက်ကိုရီးယားက ရုရှားရဲ့ သိပ္ပံနဲ့ လက်နက် နည်းပညာတွေကို ပြန်လည် တောင်းဆိုဖွယ် ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင် ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပြီး ဖြစ်ပေမယ့် နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။ ရုရှားကို ရောက်ရှိနေချိန် အတွင်းမှာတော့ ကင်ဟာ အဲဒီ ရည်မှန်းချက် အောင်မြင်ရေး ကူညီဖို့ ပူတင်ကို အပူကပ်မယ်လို့ ယုံကြည်ရပါတယ်။

ပူတင်ကလည်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အာကာသ သိပ္ပံစခန်းကို အတူလာကြတယ် ဆိုတာကိုက ဒုံးကျည်နဲ့ ဂြိုဟ်တု နည်းပညာတွေနဲ့ ဆက်နွှယ်တယ်ဆိုတာ မြင်သာကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ သူက မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ဒုံးကျည် အတတ်ပညာနဲ့ အာကာသ သိပ္ပံ ပညာရပ်တွေမှာ အထူးတလည် စိတ်ဝင်စားဟန်ရှိကြောင်း၊ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အာကာသ သိပ္ပံပညာရပ်ကို ထိုးထွင်း အဆင့်မြှင့်ဖို့ ကြိုးစားနေတာက လူတိုင်းအသိပဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ပူတင်နဲ့ ကင်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုမှာတော့ ဘယ်လို အချက်အလက်တွေ ဆွေးနွေးခဲ့သလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်သေးပါဘူး။ ရုရှား အစိုးရ ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းတွေမှာတော့ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီး အာကာသ စခန်းထဲ လှည့်လည် ကြည့်ရှုနေတာကို တွေ့ရပါတယ်။ 

ကင်က မြောက်ကိုရီးယားရဲ့ ကာကွယ်ရေး အစီအမံတွေမှာ သူလျှိုဂြိုဟ်တုတွေ ကိုယ်တိုင် လွှတ်တင်နိုင်ရေးဟာ အကြီးမားဆုံး ရည်မှန်းချက် တခုဖြစ်ပြီး အထမြောက်အောင် ကြိုးစား အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ သိပ္ပံပညာရှင်တွေကို ညွှန်ကြားထားပါတယ်။

 

Ref: CNN