မြန်မာစစ်သားတွေ ထိုင်းပိုင်နက်ကို ကျူးကျော်ခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းဖို့ ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

စက်တင်ဘာ၊ ၁၃

ထိုင်းပိုင်နက်ထဲ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ မြန်မာစစ်သားတွေ ကျူးကျော် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေ အလေးထား လုပ်ဆောင်ဖို့ ထိုင်းအစိုးရကို အတိုက်အခံ လွှတ်တော် အမတ် တဦးက တောင်းဆိုလိုက်ပါတယ်။ 

Fairပါတီရဲ့ အမတ်တဦးဖြစ်တဲ့ ကာနာဗီ ဆူယက်ဘ်ဆန်က မြန်မာစစ်သား ၁၀၀ ဝန်းကျင်လောက် ထိုင်းပိုင်နက်ထဲကို လက်နက်တွေနဲ့ ဝင်လာပြီး ယာယီ အခြေချနေခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ သာမန် နယ်စပ် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေး ကိစ္စလို့ သတ်မှတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းပိုင်နက်ထဲကို လက်နက်ကိုင် မြန်မာစစ်သားတွေက သဘောသဘာဝ မတူညီတဲ့ ပုံစံနှစ်မျိုးနဲ့ ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေက နိုင်ငံတကာ ဆက်ဆံရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်း စစ်ဆေးဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ ဒီဖြစ်စဉ်တွေ ခိုင်မာ မှန်ကန်ခဲ့ရင်လည်း အသေးစိတ် အခြေအနေတွေကို ပြည်သူတွေဆီ ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိကြောင်း ကာနာဗီက ပြောပါတယ်။

မြန်မာစစ်သားတွေက တက်ခ်ခရိုင်ထဲက နယ်စပ်ကျေးရွာ နှစ်ခုဖြစ်တဲ့ ဘန်လီတွန်ခူနဲ့ ဘန်မိုတာလျူနားကို စက်တင်ဘာ ၃ ရက်က ပထမအကြိမ် ကျူးကျော်ရောက်ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ စစ်ဆိုင်ထားတဲ့ အခြေအနေမှာ လက်နက် ကိရိယာ အစုံအလင် တပ်ဆင်ထားတဲ့ မြန်မာ စစ်သား ၈၀ နဲ့ ၁၀၀ ကြားလောက်က ရွာတွေနဲ့ ၁ ကီလိုမီတာလောက် အကွာထိ ချဉ်းကပ်လာပြီး လယ်ကွင်းတခုထဲမှာ ယာယီ တပ်စွဲထားခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာ KNLAကလည်း နယ်စပ်မှာ အသင့်စောင့်နေတာကြောင့် မြန်မာစစ်တပ်က ပြန်မဆုတ်ခွာဘဲ ထိုင်းပိုင်နက်ထဲမှာ ပေပြီး အထိုင်ချနေခဲ့တာလို့ သိရပါတယ်။ ကနဦးမှာ ထိုင်းစစ်တပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ဝင်မဖြေရှင်းပေးပေမယ့် လူမှုကွန်ရက်ပေါ်ထိ သတင်းပျံ့သွားတဲ့ အခါကျမှသာ KNLAနဲ့ မြန်မာစစ်တပ်ကြား ဝင်ညှိပေးခဲ့ပါတယ်။ KNLAက နယ်စပ်မှာ နေရာယူထားတာကို ဖယ်ရှားပေးပြီး စစ်တပ်ကို မြန်မာနိုင်ငံဖက် ပြန်လာနိုင်အောင် လမ်းဖွင့်ပေးမယ်လို့ သဘောတူခဲ့ပေမယ့် စစ်သားတွေက ပြန်မသွားချင်ကြောင်း ငြင်းနေတာမို့ ထိုင်းစစ်တပ်က နောက်တခါ ထပ်ညှိရပြန်ပါတယ်။ အဲဒီနောက်ပိုင်းကျမှ မြန်မာစစ်တပ်ဟာ ထိုင်းကျေးရွာတွေနားကနေ စွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ရက်ပိုင်းအကြာမှာလည်း လက်နက်ကိုင် မြန်မာစစ်သားတွေ ဘန်လီတွန်ခူ ရွာထဲမှာ ရိက္ခာလာဝယ်လို့ ရွာသားတွေ အထိတ်တလန့်ဖြစ်ပြီး ကျေးရွာလူကြီးတွေဆီ တိုင်ကြားခဲ့ပါတယ်။ နောက်တော့ ထိုင်းစစ်တပ်ရဲ့ တောင်းဆိုမှုအရ မြန်မာစစ်သားတွေက နယ်စပ် တဖက်ခြမ်းဆီ ပြန်သွားခဲ့တယ်လို့ ရွာလူကြီးက ပြောပါတယ်။

အဲဒီလို နယ်ကျော်မှု နှစ်ခုကို ထိုင်းအာဏာပိုင်တွေ အနေနဲ့ လေးလေးနက်နက် စုံစမ်းစစ်ဆေးတာမျိုး မလုပ်ဘဲ ဘယ်လိုနည်းနဲ့မှ မျက်ကွယ် ပြုမထားသင့်ဘူးလို့လည်း လွှတ်တော်အမတ် ကာနာဗီက တိုက်တွန်း ပြောကြားသွားပါတယ်။

 

Ref: Bangkok Post